ခွန်အောင် (နောင်တရား)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ပင်လောင်းမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု၊ မြင်းမထိဝါးပြုံးကျေးရွာ၌
ဈေးကွက်အခြေအနေကြောင့် ထောပတ်ဥယျာဉ်ခြံ စိုက်ပျိုးသူများသည် နိုင်ငံခြားမျိုးကို
ရွေးချယ်ကိုင်းဆက်၍ စိုက်ပျိုးမှု များပြားလာကြောင်း သိရသည်။
.
.ဒေသမျိုးများမှာ ကိုင်းဆက်စိုက်ပျိုးခြင်း
မရှိသောကြောင့် နေရာယူခြင်း၊ သက်တမ်းတိုခြင်း၊ မျိုး ပြောင်းလဲသွားခြင်း တို့ကို
ကြုံတွေ့လာရသဖြင့် ယင်းကဲ့သို့ ကိုင်းဆက် စိုက်ပျိုးမှုကို ပြုလုပ်လာကြခြင်း
ဖြစ်ကြောင်း သိရသည်။
.
“အစတုန်းကတော့ ဒေသမျိုးကိုပဲ စိုက်ထားတယ်။
ဒေသမျိုးက နေရာယူတယ်၊ အသီး မညီဘူး ဈေးကွက် လိုအပ်ချက် လည်း နည်းတယ်။ အသီး သီးရင်
ပယ်သီးများတာပေါ့။ နိုင်ငံခြားမျိုးက အမျိုးမျိုး ရှိတယ် ကျွန်တော်ကတော့
ကိုယ်ကြိုက်တဲ့ Hass မျိုးကို ကိုင်းဆက်တာပေါ့။
ကိုင်းဆက်ပင်က နေရာ မယူဘူး အသီး ညီတယ် အပင်ပုတော့ ထောပတ်ရောဂါဖြစ်ရင်လည်း ပြုစုရ
လွယ်တာပေါ့” ဟု မြင်းမထိဝါးပြုံးကျေးရွာမှ ထောပတ်စိုက်တောင်သူတစ်ဦးက ပြောသည်။
.
ပင်လောင်းမြို့နယ်တွင် ထောပတ်အစုအဖွဲ့ကို
ဖွဲ့စည်းထားပြီ ဖြစ်ပြီး အဆိုပါ အစုအဖွဲ့ကလည်း နည်းပညာများနှင့် ကိုင်းဆက်ခြင်း
လုပ်ငန်းများကို ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
.
ထောပတ်ကို ပင်လောင်းမြို့နယ်အတွင်း
နေရာအနှံ့အပြား၌ စိုက်ပျိုးလျက် ရှိပြီး ထောပတ်အဝယ်တော်များက ဒေသမျိုးကို
တစ်ပိဿာလျှင် ၈၀၀ ကျပ်နှုန်းနှင့် နိုင်ငံခြားမျိုးကို တစ်ပိဿာလျှင် ၂၀၀၀
ကျပ်နှုန်းဈေးဖြင့် ဝယ်ယူနေကြောင်း သိရသည်။
.