ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်အတွင်းရှိ ဘုရားပုထိုး စေတီများအား ပြည်သူများ
ဖူးမြော်ခွင့် ရရှိနိုင်ရေးအတွက် ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်
ညွှန်ကြားထားသည်ဟု သိရသည်။
.
.“ရှမ်းပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားထားတာပါ။ ဖွင့်ဖို့တော့
မဟုတ်သေးပါဘူး။ ပြင်ဆင်ထားဖို့ ပါပဲ။ ဖွင့်ဖို့ကတော့ ဗဟိုက ခွင့်ပြုမှ ရမှာပါ” ဟု ရှမ်းပြည်နယ်
ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဘုရား၊ ပုထိုး၊
စေတီများကို ပြည်သူများ ပြန်လည်ဖူးမြော်ခွင့် ရရှိနိုင် ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက
ပြင်ဆင်ဖြည့်စွက်ထားသော လုပ်ငန်းလမ်းညွှန်ပါ အချက်များ အတိုင်း ပြင်ဆင်ဆောင်ရွက်ထားရှိရန်
ရှမ်းပြည်နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး
ကော်မတီက ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ညွှန်ကြားစာနှင့် ပတ်သက်၍ တောင်ကြီးမြို့၊
စူဠာမုနိစေတီတော် ဂေါပကအဖွဲ့က ကြိုတင်ပြင်ဆင်နိုင်ရေး အတွက် ယနေ့ ဇန်နဝါရီလ ၂၄ ရက်၊
နံနက်ပိုင်းတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
“ညွှန်ကြားချက် အားလုံး ၃၂ ချက် လောက် ရှိတယ်။ Social
Distancing နေဖို့၊ လက်သန့်ဆေး၊ ဘေစင်တွေ ထားဖို့၊ ၆ ပေခြား သွားဖို့၊
အပူချိန်တိုင်းဖို့၊ ဝန်ထမ်းတွေကို PPE လို ဝတ်စုံတွေ ပြင်ဆင်ထားဖို့
ပါပါတယ်။ အဲဒီအတိုင်း အခုစပြီး ပြင်ဆင်မှာပါ။ စားသောက်ဆိုင်တွေတော့ ဖွင့်ခွင့် မပေးသေးပါဘူး။
သူတို့ကတော့ COVID-19 ကော်မတီကိုပဲ ခွင့်ပြု ချက် တောင်းရမှာပါ”
ဟု တောင်ကြီးမြို့၊ စူဠာမုနိစေတီတော် ဂေါပကအဖွဲ့ဝင် ဦးသူရစောသိန်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
COVID-19 ကပ်ရောဂါ ကူးစက်မှုမှ
ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ်အတွင်းရှိ အထင်ကရ ဘုရား၊ စေတီများကို ပြီးခဲ့သည့်
၂၀၂၀ ပြည့်နှစ်၊ ဧပြီလဆန်းကတည်းက ဝင်ရောက်ခွင့် ပိတ်ပင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်အတွင်း စူဠာမုနိ လောကချမ်းသာ
စေတီတော်၊ ရွှေဘုန်းပွင့် စေတီ၊ အတုလမာရဇိန် ဆုတောင်းပြည့် မြို့လယ်ဓမ္မာရုံ
အပါအဝင် ဘုရား ၂၆၀၄ ဆူ၊ စေတီ ၃၀၉၅ ဆူ၊ ပုထိုး ၂ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၃၄၄
ကျောင်းရှိပြီး ရဟန်း ၂၀၀၀ ကျော်၊ သာမဏေ ၅၀၀၀ ကျော်နှင့် သီလရှင် ၆၀၀ ကျော်
သီတင်းသုံးလျက်ရှိကြောင်း သိရသည်။
.