ဒေသတွင်းခရီးစဉ် ဖော်ဆောင်နေသော လူငယ်များအား ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လိုင်စင်ပေးအပ်ရန် စီစဉ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒေသတွင်းခရီးစဉ် ဖော်ဆောင်နေသော လူငယ်များအား ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လိုင်စင်ပေးအပ်ရန် စီစဉ်

စုလှိုင်

.

ရှမ်းပြည်နယ်ရှိ ဒေသတွင်းခရီးစဉ် ဖော်ဆောင်လုပ်ကိုင်နေသော လူငယ်များအတွက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် သည့် အခြားလုပ်ငန်းလိုင်စင်များ ပေးအပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

.

.

“ရှမ်းပြည်နယ်မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင် လုပ်တဲ့သူအားလုံးကို ကြိုဆိုတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းတွေကိုတော့ လိုက်နာဖို့ လိုတာပေါ့။ ဥပမာ သစ်တောနယ်မြေထဲမှာဆိုရင် သစ်တောဝန်ကြီးဌာနရဲ့ ခွင့်ပြု ချက် လိုတာပေါ့။ ဒီလို လုပ်နေတဲ့သူတွေကို ကျွန်တော်တို့ ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားကော်မတီကနေ ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်တဲ့ အခြားလိုင်စင်တွေ ချထားပေးဖို့ ရှိပါတယ်” ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ခရီးသွားလုပ်ငန်း ဖော်ဆောင်ပေးနေသော လူငယ်များအတွက် လုပ်ငန်း လုပ်ဆောင်ရာတွင်အဆင်ပြေစေရန်နှင့် ဝင်ရောက်လာသည့် ခရီးသွားဧည့်သည့်များ မှနိုင်ငံတော်အတွက် အခွန်ငွေ ရရှိစေရန် ရည်ရွယ်၍ ယင်းကဲ့သို့ ခရီးသွားလုပ်ငန်း ဆိုင်ရာ အခြားလိုင်စင်များ ပေးအပ်ရန် စီစဉ်ခြင်းဖြစ်ပြီး မကြာမီ ကျင်းပမည့် ဒေသဆိုင်ရာ ခရီးသွား ဖွံ့ဖြိုးတိုးတက်မှုကော်မတီ အစည်းအဝေးတွင် ယင်းကိစ္စကို ဆုံးဖြတ်သွားရန် ရှိနေကြောင်း ၎င်းထံက သိရသည်။

.

မြန်မာနိုင်ငံတွင် COVID- 19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ခရီးသွားလုပ်ငန်း ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည့် အတွက် COVID- 19 ပိုးတွေ့ လူဦးရေ လျော့ပါးလာပါက အသွားအလာကန့်သတ် ထားရှိခံရသူများမှ မွန်းကြပ်ကာ ဒေသတွင်း ခရီးသွားများ လာရောက်မည်ဟု မျှော်လင့်ကြောင်းနှင့် ဒေသတွင်းရှိသော စားသောက်ဆိုင်များ၊ လည်ပတ်စရာနေရာများသို့ လိုက်ပါပို့ဆောင်ပေးသည့် ဧည့်လမ်းညွန်များ၊ ပို့ဆောင်သည့် ယာဉ်လုပ်သားများ၊ စက်လှေသမားများအတွက် COVID-19 လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး သင်တန်းများ ဖွင့်လှစ် သင်ကြားပေးရန် ရှိနေကြောင်း ဦးထင်အောင်နိုင်က ဆက်လက်ပြောဆိုခဲ့သည်။

.

ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် အတွင်းရှိ ကျေးရွာ ၁၀ ရွာအား ရွေးချယ်ကာ လိုအပ်သည့် အခြေခံဆောက်အဦ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး သင်တန်းများ၊ လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ရှမ်းပြည်နယ် အစိုးရ မှ ကျပ်သိန်း ၁၀၀၀ အကုန်အကျ ခံကာ လာမည့် ဖေဖော်ဝါရီလမှ စက်တင်ဘာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်အတွင်း လူမျိုးနွယ်စု ၃၃ စုခန့် မှီတင်းနေထိုင်ကြပြီး ရေမြေတောတောင် သဘာဝများအရ ခရီးသွား လုပ်ငန်းများနှင့်ပတ်သက်၍ အားသာချက်များ ရှိနေကာ တောင်တန်းဒေသဖြစ်သောကြောင့် မြစ်ချောင်း၊ ရေတံခွန်၊ လိုဏ်ဂူ များလည်း ပေါများသဖြင့် ခရီးသွားလုပ်ငန်းအတွက် များစွာ အထောက်အကူဖြစ်စေကြောင်း သိရသည်။

.

Journal Download

Photo of three cats