ရှမ်းအညာမြေ ခေါ် လင်းခေးမြို့နယ်အတွင်းက ဟန်လွိုင်သဘာဝရေတံခွန်စခန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းအညာမြေ ခေါ် လင်းခေးမြို့နယ်အတွင်းက ဟန်လွိုင်သဘာဝရေတံခွန်စခန်း

အယ်လ်စိုင်း (ရှမ်းအညာမြေ)

.

ရှမ်းအညာမြေ ခေါ် လင်းခေးမြို့နယ်အတွင်းက ဟန်လွိုင် သဘာဝရေတံခွန်စခန်းသည် မကြာသေးမီ ကာလအတွင်းက လူသိများ ထင်ရှားလာသော ရေတံခွန်စခန်းတစ်ခုဖြစ်သည်။

.

.

ယင်း ဟန်လွိုင်သဘာဝရေတံခွန်သည် လင်းခေးမြို့မှ မိုင် ၂၀ ခန့်အကွာ လင်းခေး-ဝမ်ဟတ်-ဝမ်စလောင်း-လွိုင်လုံ-ပန်တဝိသွားကားလမ်း၏ အရှေ့ဘက်၊ လွိုင်စလေ (ခ) လွိုင်လုံတောင်ခြေအနီးတွင် တည်ရှိသည်။

.

လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တည်ရှိနေပြီးသောသဘာဝရေတံခွန်တစ်ခု ဖြစ်သော်လည်း လူသွားလူလာ  အရောက်အပေါက် နည်းပါးခြင်း၊ လမ်းပန်းခက်ခဲခြင်းနှင့် အလှမ်းဝေးသည့် တောတောင်လျှိုမြောင်အတွင်း တည်ရှိနေ ခြင်း တို့ကြောင့် ယခင်နှစ်ကာလများက လူသိများ ထင်ရှားခဲ့ခြင်းမရှိကြောင်း ဟန်လွိုင်ကျေးရွာ ဒေသခံများ ထံက သိရသည်။

.

လက်ရှိတွင်မူ ပြောင်းလဲတိုးတက်လာသည့် အခြေအနေအရ လမ်းပန်းဆက်သွယ်သွားလာမှု အသင့်အတင့် အဆင်ပြေ လာခဲ့ပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုများနှင့်အတူ ဟန်လွိုင်ရေတံခွန်သို့ လာရောက်လေ့လာ အပန်းဖြေကြ သူများကို တွေ့မြင်လာရသည်။

.

“ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိနေတဲ့ ရေတံခွန်စခန်းဖြစ်ပါတယ်။ သွားလာရေး အဆင်ပြေလာပြီဆိုတော့ ကျွန်တော်တို့ ဒေသခံ ကျေးရွာ ၄ ရွာ စုပေါင်းပြီး ခရီးသွားတွေအတွက် လွယ်ကူအဆင်ပြေအောင် ရေတံခွန်နဲ့ သဘာဝ လိုဏ်ဂူသွားလမ်းကို ကိုယ်ထူကိုယ်ထစနစ်နဲ့ စတင်ဖောက်လုပ်ခဲ့ကြတာပါ” ဟု ဒေသခံ ဦးစိုင်းလိတ်က ပြောသည်။

.

ထိုသို့ လိုဏ်ဂူသွားလမ်း ဖောက်လုပ်ရာတွင် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် တစ်ရက်လျှင် လူဦးရေ ၅၀ မှ ၂၀၀ ဦးအထိ ကျေးရွာအလိုက် အင်အားအသုံးပြုပြီး လမ်းဖောက်လုပ်နေခြင်းဖြစ်ပြီး စေတနာရှင်၊ အလှူရှင်များမှလည်း ဝိုင်းဝန်း ကူညီပေးကြကြောင်း သိရသည်။

.

လမ်းဖောက်လုပ်နေသည်မှာ ၁၅ ရက်ခန့် ကြာမြင့်နေပြီဖြစ်ပြီး တစ်လခန့်အကြာတွင် လူ၊ မော်တော် ဆိုင်ကယ်နှင့် မော်တော်ကားများ သွားလာနိုင်ရန် ရည်မှန်းထားကြောင်းနှင့် လက်ရှိတွင် မော်တော်ဆိုင်ကယ် သွားလာ နိုင်သည့် အနေအထားအထိ ဖောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

.

“ဟိုအရင်တုန်းကတော့ လူသွားလူလာ နည်းပါးပြီး မသိခဲ့ကြ၊ မတွေ့ကြတာပေါ့။ အခုချိန်မှာတော့ နည်းနည်းပါးပါး အပန်းဖြေ လာရောက်နေကြပါပြီ။ အခု ဒီလမ်း ကောင်းသွားရင် ရပ်ဝေး၊ ရပ်နီးက ခရီးသွားတွေ လာရောက်လေ့လာ လည်ပတ်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးစိုင်းလိတ်က ဆက်လက်ပြောဆိုခဲ့သည်။

.

အဆိုပါ ဟန်လွိုင်ရေတံခွန်သည် အကျယ်မှာ ပေ ၅၀၊ အမြင့် ပေ၁၀၀ ကျော်ရှိပြီး လာမည့် COVID-19 အလွန်ကာလ တွင် ရှမ်းအညာမြေ လင်းခေးသို့ အလည်အပတ် ရောက်ရှိလာကြမည့် ခရီးသွားများအတွက် ဆွဲဆောင်နိုင်မည့် ရေတံခွန် အပန်းဖြေစခန်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိနေကာ လက်ရှိတွင်လည်း လာရောက် လေ့လာ လည်ပတ်သူများ အသင့်အတင့် ရှိနေပြီဖြစ်ကြောင်း ရှမ်းအညာမြေ လင်းခေးဒေသမှ ဟန်လွိုင်သဘာဝရေတံခွန် အကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြလိုက်ရပါသည်။

.

Journal Download

Photo of three cats