စုလှိုင်
.
လာမည့် ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် ရှမ်းပြည်နယ်နေ့
အခမ်းအနားတွင် ပင်လုံဂုဏ်ရည်ဆု အပါအဝင် ရှမ်းပြည်နယ်၏ ဂုဏ်ထူးဆောင်ဆု ၃၉ ဆုတို့ကို
ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ထံက သိရသည်။
.
.
အဆိုပါ ချီးမြှင့်မည့် ဆုများမှာ ပြီးခဲ့သည့်
၂၀၂၀ ပြည့်နှစ် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ပေးအပ်ရန် လျာထား ခဲ့သည့် ဆုတံဆိပ်များဖြစ်ပြီး
ယခင်နှစ်က COVID-19 ရောဂါ ကူးစက်မှုကြောင့် ဂုဏ်ထူးဆောင်ဆုတံဆိပ်များ
ပေးအပ် နိုင်ခြင်းမရှိခဲ့သည့်အတွက် ယခုနှစ်မှ အစားထိုး ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
.
“အားလုံး ပေါင်း ၃၉ ဆုပါ။ မနှစ်က မပေးလိုက်ရလို့
ဒီနှစ်ပေးတာပါ။ အစားထိုးပေးတာပေါ့။ ပင်လုံဂုဏ်ရည်ဆုက ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်း
ရတယ်။ လူမူထူးချွန် ပထမအဆင့် ၅ ဆုထဲမှာ လားရှိုးက ဆရာတော် ပါတယ်။ လားရှိုးလူမူကူညီရေးအသင်းက
တိုက်ပွဲမှာဆုံးသွားတဲ့ ဦးထွန်းမြင့်ပါတယ်။ ဂီတပညာရှင် ဒေါက်တာ စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊
စိုင်းဆိုင်မောဝ်ပါတယ်။ အရင်နှစ်ကဟာပါ။ ဒီနှစ်အတွက်က နောက်နှစ်မှ ပေးရမှာပေါ့”ဟု
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ပေးအပ်ချီးမြှင့်မည့် ဆုတံဆိပ်များမှာ ပင်လုံဂုဏ်ရည်ဆု
၁ ဆု၊ စီမံထူးချွန် ပထမအဆင့် ၁ ဆု၊ တတိယအဆင့် ၅ ဆု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ
ပထမအဆင့် ၃ ဆု၊ တတိယအဆင့် ၅ ဆု၊ စီးပွားထူးချွန် တတိယဆင့် ၃ ဆု၊ စိုက်ပျိုးထူးချွန်
တတိယအဆင့် ၁ ဆုနှင့် လူမှုထူးချွန် ပထမအဆင့် ၅ ဆု၊ ဒုတိယအဆင့် ၂ ဆု၊ တတိယအဆင့် ၇ ဆု
တို့ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် ဂုဏ်ထူးဆောင် လက်မှတ်နှင့်
ဂုဏ်ထူးဆောင်ဆု ပစ္စည်း ချီးမြှင့်ခြင်းဆိုင်ရာဥပဒေကို ပထမအကြိမ် ရှမ်းပြည်နယ်
လွှတ် တော် သက်တမ်းအတွင်း ၂၀၁၄ ခု နှစ်၊ စက်တင်ဘာလ ၃ ရက်က ရှမ်း ပြည်နယ်လွှတ်တော်
ဥပဒေအမှတ် (၃) ဖြင့် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်၍
ရှမ်းပြည်နယ်အကျိုး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ သူများကို စံနမူနာပြအဖြစ်
ရည်ရွယ် ၍ ဆုများပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.