□ စောဦး (ရတနာမြေ)
.
နမ္မတူမြို့နယ်၊ နမ့်တောင်ကုန်းကျေးရွာအုပ်စု နားကျဲကျေးရွာအနီးနှင့် ပန်ချင်ကျေးရွာအုပ်စု၊ ပန်ချင်ကျေးရွာအနီးတွင် RCSS/SSA နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မန်စံကျေးရွာနှင့် နားဆိုင်းကျေးရွာတို့တွင် ခိုလှုံကြသော တိုက်ပွဲရှောင်များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးက ဇန်နဝါရီလ ၇ ရက်တွင် ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
.
နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံဒေါ်မြတ်သူနှင်းနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများက၊ နမ္မတူမြို့နယ် မန်စံကျေးရွာနှင့် နားဆိုင်းကျေးရွာတို့ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု ၃၀၂ စုမှ လူဦးရေ ၉၀၈ ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၉၀၆၈၀၀ ကျပ်အား တိုက်ပွဲရှောင်များ လက်ဝယ် အရောက် ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
.
ဆက်လက်၍ တိုက်ပွဲအတွင်း ပန်ချင်ကျေးရွာအုပ်စု ညောင်ဆွယ်ကျေးရွာရှိ လက်နက်ကြီးကျည်ထိ မီးလောင်ပျက်စီးခဲ့သော နေအိမ် ၁ လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း ၂၂ မျိုးပါ ပလပ်စတစ်ပုံး ၁ ပုံး၊ တစ်ပတ်စာ ဆန်ဖိုးရိက္ခာငွေ ၈၄၀၀ ကျပ်နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀ အားလည်းကောင်း၊ လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့သော ဒေသခံပြည်သူ ၁ ဦးအတွက် ထောက်ပံ့ငွေကျပ် ၃၀၀၀၀၀ ကျပ်အား လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းထံမှ သိရသည်။