အေးသာယာ တပ်​ထောက်ခံပွဲ အနီးသို့ NLD အလံကိုင်၍ သွား​ရောက်ခဲ့သူ ၃ ဦးကို တောင်ကြီးမြို့နယ်တရားရုံးက ငွေဒဏ်ချမှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

အေးသာယာ တပ်​ထောက်ခံပွဲ အနီးသို့ NLD အလံကိုင်၍ သွား​ရောက်ခဲ့သူ ၃ ဦးကို တောင်ကြီးမြို့နယ်တရားရုံးက ငွေဒဏ်ချမှတ်

စုလှိုင်

.

တောင်ကြီးမြို့နယ်၊ ​​အေးသာယာမြို့၊ ​နောင်အင်​ဘောလုံးကွင်း အတွင်း ပြုလုပ်​ခဲ့သည့် တပ်မ​တော် ​ထောက်ခံပွဲ အနီးသို့ NLD ပါတီအလံ ကိုင်​ဆောင်၍ သွားရောက်ခဲ့သဖြင့် ထိန်းသိမ်း ဖမ်းဆီး ခံခဲ့ရ​သည့် ​ဒေးဗစ်ရှမ်း​လေး အပါအဝင် လူငယ် ၃ ဦးကို ယနေ့ ဇန်နဝါရီလ ၂၈ ရက်က တောင်ကြီးမြို့နယ်တရားရုံးမှ ငွေဒဏ် ၃၀၀၀၀ ကျပ်စီ ချမှတ်ခဲ့သည်ဟု သိရသည်။

.


 .

“ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ပဲ ကျွန်တော်တို့ကို ချလိုက်တယ်။ ထောင်ဒဏ် ၁၅ ရက် သို့မဟုတ် ဒဏ်ငွေ ၃၀၀၀၀ ဆိုလို့ ၃ ယောက်လုံး ဒဏ်ငွေပဲ ဆောင်လိုက်ပါတယ်” ဟု တရားစွဲဆိုခံရသူ ဒေးဗစ်ရှမ်းလေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်အား ကြိုဆိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီလ ၂၂ ရက်က အေးသာယာမြို့၊ နောင်အင်ဘောလုံးကွင်းအတွင်း၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါထောက်ခံပွဲသို့ ဒေးဗစ်ရှမ်းလေး အပါအဝင် လူငယ် ၃ ဦးက NLD အလံ ကိုင်ဆောင်၍ သွားရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ NLD အလံ ကိုင်ဆောင်မှုနှင့် ပတ်သက်၍ ဒေးဗစ်ရှမ်းလေးနှင့် အတူပါလာသူ ၂ ဦး၊ စုစုပေါင်း ၃ ဦးတို့ကို ရဲတပ်ဖွဲ့က တောင်ကြီးမြို့နယ်တရားရုံးတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

.

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၃၈) ဖြင့် ပြဌာန်းခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ၊ အခန်း (၇) ပုဒ်မ ၁၉ တွင် မည်သူမဆို သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်းမရှိဘဲ စုဝေးခြင်း သို့မဟုတ် စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၃ လထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ၃၀၀၀၀ ကျပ်ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်း ဖော်ပြထားသည်။

.

#KBZTai #Shan #News #SuHlaing

.

Journal Download

Photo of three cats