ကိုစိုး (ကမ္ဘောဇတိုင်း)
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် လာမည့် ဇန်နဝါရီလ
၂၂ ရက်၌ တပ်မတော်ထောက်ခံပွဲ ပြုလုပ်ရန် ထပ်မံစီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.
.“ဟုတ်ပါတယ်။ ၂၂ ရက်တော့ တင်ထားတယ်။ ပွဲစီစဉ်သူနဲ့
မတွေ့ရသေးတော့ အတိအကျ မသိရသေးပါဘူး။ စီစဉ်တာ တာက ဦးသန်းအောင်ပါ။ ဘယ်မှာလုပ်မယ်ဆိုတာတော့
တိတိကျကျ မသိသေးပါဘူး” ဟု ထောက်ခံဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ရာတွင် ပူးပေါင်းဆောင်ရွက်မည့်
အမျိုးသားလုံခြုံရေးလူမှုကွန်ရက် (ဗဟို) အဖွဲ့မှ ဦးမြငြိမ်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထောက်ခံဆန္ဒထုတ်ဖော်ပွဲ
စီစဉ်သူ ဦးသန်းအောင်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင်မူ ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း
မရှိချေ။
.
“သူတို့တော့ လုပ်မယ်လို့ သိရတယ်။ ငြိမ်းစုစီတော့
လာမတင်သေးဘူး။ လာတင်မယ်လို့ သိရတယ်” ဟု တောင်ကြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး နေမျိုးက
ပြောသည်။
.
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် တောင်ကြီးမြို့နယ်၊ အေးသာမြို့အဝင်
မုခ်ဦးမှ နောင်အင်ဘောလုံးကွင်းအထိ ချီတက် လမ်းလျှောက် ဆန္ဒဖော်ထုတ်ပြီး နောင်အင်ဘောလုံးကွင်းအတွင်း
ဦးဆောင်သူ ဦးသန်းအောင်အပါအဝင် ဦးမြငြိမ်း၊ ဒေါ်ညွန့်စိန်တို့က ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများတွင်
တပ်မတော်မှ စိစစ်ဆောင်ရွက်နေမှုများအား ထောက်ခံ ကြောင်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှ
ပေးအပ်ထားသော တာဝန်များကို ပြတ်သားတိကျစွာ ဆောင်ရွက် ပေးရေးတို့ကို ဆွေးနွေးဟောပြောသွားမည်ဖြစ်ကြောင်း
သိရသည်။
.
ပွဲစီစဉ်သူ ဦးသန်းအောင်သည် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
(NDF) မှ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌဖြစ်ပြီး ဦးမြငြိမ်းသည် အမျိုးသားလုံခြုံရေးလူမှုကွန်ရက်
(ဗဟို) အဖွဲ့မှ ဖြစ်ကာ ဒေါ်ညွန့်စိန်မှာ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)
မှ ဖြစ်ကြောင်း သိရသည်။
.
အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲအပြီး၊
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်က တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့၌
ရွေးကောက်ပွဲကော်မရှင်အား ဆန္ဒထုတ်ဖော် ခဲ့ဖူးကြောင်း သိရသည်။
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို
ကာကွယ်စောင့်ရှောက်နေသော တပ်မတော်ကို ကြိုဆိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲကို မူလက
ယနေ့ ဇန်နဝါရီလ ၂၀ ရက်၌ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) ဦးဝင်းကြည် ဦးဆောင်၍ ပြုလုပ်ရန် စီစဉ်ခဲ့ သော်လည်း COVID-19 ရောဂါ အခြေအနေများအရ ယင်းဆန္ဒ ထုတ်ဖော်ပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
နောက်ဆုတ်ထားပြီး ယခုအခါ ဇန်နဝါရီလ ၂၂ ရက်တွင် အခြား ပုဂ္ဂိုလ်များမှ ဆန္ဒထုတ်ဖော်ရန်
ထပ်မံစီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။
.