အောင်ဆန်းဝင်း၊ စုလှိုင်
.
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် လာမည့် ဇန်နဝါရီလ
၂၂ ရက်၌ ပြုလုပ်မည့် တပ်မတော်ထောက်ခံပွဲနှင့် ပတ် သက်၍ ဒေသခံများက ၎င်းတို့၏ သဘောထားဆန္ဒ
ပါဝင်ခြင်းမရှိကြောင်း ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် မီဒီယာများ သို့ တွေ့ဆုံရှင်းလင်း
ပြောကြားခဲ့သည်ဟု သိရသည်။
.
.“ကျွန်မတို့က မထောက်ခံဘူး။ တပ်မတော်ဆိုတာ ထောက်ခံရမယ့်
အဖွဲ့အစည်းလည်း မဟုတ်ဘူး။ သူတို့က နိုင်ငံရေး ပါတီမှ မဟုတ်တာ။ အဲဒီလိုပွဲလုပ်တာ ကျွန်မတို့
မကြိုက်ပါဘူး။ ဒေသခံတွေလည်း ပါမယ်မထင်ဘူး” ဟု အေးသာယာ မြို့၊ အမှတ် (၄) ရပ်ကွက်နေ မမူယာဝင်းက
ပြောသည်။
.
ထို့အတူ နန်းဟူးကျေးရွာနေ ခွန်ထွန်းထွန်းလေး ကလည်း
“တိုင်းရင်းသားတွေက ဘယ်နေရာသွားသွား ပါနေတယ်။ တချို့ကျတော့ ကျေးရွာအုပ်ချုပ်ရေးမှူးအမိန့်၊
ဒါမှမဟုတ် အာဏာရှိတဲ့လူတွေရဲ့ အမိန့်နဲ့ပါ။ တပ်မတော်က ပြည်သူ လူထုတွေကို ကာကွယ်ရမှာ။
ပြည်သူက ထောက်ခံစရာ မလိုဘူး။ ကိုယ့်ဆန္ဒ ဘယ်လိုရှိသလဲ အမှားအမှန် ခွဲခြားတတ် အောင်လို့ပါ။
အာဏာရှိတဲ့သူတွေ ခိုင်းလို့ သွားရတာမျိုး မဖြစ်စေချင်ပါဘူး” ဟု ပြောဆိုခဲ့သည်။
.
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဦးသန်းအောင်နှင့် အမျိုးသားလုံခြုံရေးလူမှုကွန်ရက်ဗဟို (NSS) မှ ဦးမြငြိမ်း၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) မှ ဒေါ်ညွန့်စိန် တို့ ဦးဆောင်၍ လာမည့် ဇန်နဝါရီလ ၂၂ ရက်တွင် တောင်ကြီးမြို့နယ်၊
အေးသာယာမြို့၌ တပ်မတော်ထောက်ခံပွဲ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။
.
“တိုင်းရင်းသားတွေက နိုင်ငံရေး ဘာမှနားမလည်ဘူး။ သူကြီးက
ဘယ်သူမသွားရဘူး၊ ဘယ်သူသွားရမယ်။ မသွားတဲ့သူ ဒဏ်ရိုက်မယ် ဆိုပြီး အနိုင်ကျင့်သွားခိုင်းတာပေါ့။
အဲဒါကြောင့် ဒီလိုထောက်ခံပွဲကို လုံးဝ အလိုမရှိတာပါ” ဟု အေးသာယာမြို့၊ အမှတ် (၁) ရပ်ကွက်နေ
ခွန်ဆွေဝင်း ကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ဆန္ဒဖော်ထုတ်သူများသည် တောင်ကြီးမြို့နယ်၊
အေးသာမြို့အဝင် မုခ်ဦးမှ နောင်အင်ဘောလုံးကွင်းအထိ ချီတက် ဆန္ဒဖော်ထုတ်ပြီး
နောင်အင်ဘောလုံးကွင်းအတွင်း ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများတွင် တပ်မတော်မှ စိစစ်
ဆောင်ရွက်နေမှုများအား ထောက်ခံကြောင်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှ
ပေးအပ်ထားသော တာဝန်များကို ပြတ်သားတိကျစွာ ဆောင်ရွက် ပေးရေးတို့ကို ဆွေးနွေးဟောပြောသွားမည်ဖြစ်ကြောင်း
သိရသည်။
.