အောင်ဆန်းဝင်း
.
သင်္ကြန်ကာလရောက်တိုင်း
မြန်မာရုပ်သံလိုင်းတွေကနေ သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကားကို ထုတ်လွှင့်တတ်ကြတယ်။
မြန်မာ့ရိုးရာ အတာသင်္ကြန်နဲ့ သင်္ကြန်မိုးရုပ်ရှင်က ခွဲခြားလို့မရတဲ့
အရာတစ်ခုပေါ့။ ဒီဂန္ထဝင်မြောက်ဇာတ်ကားထဲမှာ သရုပ်ဆောင် ဒေါ်ခင်သန်းနုက
ဦးနေအောင်ကိုပြောတဲ့စကားတစ်ခွန်းကို သင်္ကြန်မိုးဇာတ်ကားကြည့်ဖူးသူတိုင်း
မှတ်မိကြမယ်ထင်ပါတယ်။ ကလေးတွေကိုပျော်ခွင့်ပေးလိုက်ပါ ကိုငြိမ်းမောင်ရယ်တဲ့။
.
.မြို့တော် တောင်ကြီးက ပင်လယ်ရေမျက်နှာပြင်ထက်
အမြင့်ပေ ၅၀၀၀ နီးပါးမှာတည်ရှိတယ်။ တောင်ကြီးမြို့လို့ ဆိုတဲ့အတိုင်း
မြို့အရှေ့ဘက်မှာ မြင့်မားတဲ့တောင်တန်းကြီးတစ်ခုက တောင်နဲ့မြောက်သွယ်တန်းနေတယ်။
တောင်ကြီးမြို့ဟာနေ့စဉ်နဲ့အမျှ ပြောင်းလဲခြင်းတွေပြည့်နှက်နေခဲ့တယ်။
.
အဓိကပြောင်းလဲခြင်းတွေကို မြင်တွေ့နေရတာက
ထိုးထိုးထောင် မတ်တပ်ထလာတဲ့ တိုက်အိမ်တွေ၊ တိုက်ခန်းတွဲတွေ၊ အထပ်မြင့်အဆောက်အဦတွေ။
မြို့တော်ရဲ့လိုအပ်ချက်ကြောင့်လား၊ ပြောင်းလဲနေတဲ့ခေတ်စနစ်တွေကြောင့်လား တော့ မပြောတတ်ဘူး။
နေ့စဉ်နဲ့အမျှနေရာတိုင်းမှာ မြင့်တက်နေတဲ့အဆောက်အဦတွေ။
.
နောက်ထပ်ပြောင်းလဲနေတဲ့အရာတစ်ခုက
မြို့တော်တောင်ကြီးရဲ့ လမ်းမတွေပါ။ တကယ်အဆင့်မြင့်လာတဲ့လမ်းတချို့ တွေ့ရတယ်။
မြှင့်သလိုလို လုပ်နေတဲ့လမ်းတွေလည်းရှိတယ်။ လုပ်နေရင်းနဲ့ လုပ်ထားမှန်းမသိအောင်
ဖြစ်တဲ့လမ်းတွေလည်း ရှိနေပြန်ပါရော။
.
လမ်းတွေခင်းတာ အဆင့်မြှင့်တင်တာတွေက
မြို့တော်တောင်ကြီးအတွက် ကောင်းတဲ့အရာတစ်ခု။ လမ်းတွေကောင်းမှ
လူသွားတဲ့လမ်းတွေနဲ့တူတော့မပေါ့။ ခက်တာက လမ်းတွေခင်းတိုင်း သစ်ပင်တွေ၊
သစ်ပင်ကြီးတွေ စတေးခံနေကြရတာ။ မြို့တော်တောင်ကြီးဟာ တောင်ပေါ်မြို့ဖြစ်တဲ့အတွက်
မြေအောက်ရေကို အဓိကမှီခိုအားထားနေရတယ်။
.
မြေအောက်ရေကိုထိန်းသိမ်းဖို့အတွက်
သဘာဝပတ်ဝန်းကျင်ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ အဓိကအရေးကြီးဆုံး အချက်က
မြို့တော်ပတ်ဝန်းကျင်နဲ့ မြို့တွင်းက သစ်ပင်သစ်တောတွေ ထိန်းသိမ်းဖို့လိုအပ်နေတယ်။ လတ်တလော
အွန်လိုင်းအသုံးပြုချိန်တိုင်း မြို့တွင်းက သစ်ပင်တွေခုတ်ထွင်ခံနေရတဲ့သတင်း
နေ့တိုင်းလိုဖတ်နေရပါတယ်။
.
ခုတ်ထွင်ရတဲ့အဓိက အကြောင်းရင်းကလည်း လမ်းခင်းတာ
လမ်းချဲ့တာနဲ့ မလွတ်ကင်းလို့ဆိုတဲ့ အကြောင်းပြချက် များနေပါတယ်။ ဒီရက်ပိုင်း
သတိထားမိတဲ့အွန်လိုင်းပိုစ့်တစ်ခုမှာ ရေထွက်ဦးလမ်းထဲက သစ်ပင်ကြီးငယ်တွေ
ခုတ်ထွင်ရှင်းလင်းခံရတော့မယ်ဆိုတဲ့ အကြောင်းပါ။
.
ဒီတစ်နှစ်မြို့တော်တောင်ကြီးရဲ့ဆောင်းက
ဆောင်းမပီသပါဘူး။ မည်ကာမတ္တဆောင်း အဆင့်ပဲရှိပါတယ်။ အေးစက်ခြင်းတွေ ပျောက်ဆုံးနေတယ်။
ဂျာကင်ထူထူတွေ ဗီဒိုထဲတူတူပုန်းနေရတုန်း။ ပီသတဲ့ဆောင်းလက္ခဏာတွေ
ဘာကြောင့်ပျောက်ဆုံးသွားတာလဲ။ အဖြေက ရှင်းရှင်းလေးပါ။
.
မြို့တော်တောင်ကြီးဟာ
မြို့ရဲ့အငွေ့အသက်တွေကြွယ်ဝလာတယ်။ အိုးအိမ်တိုက်တာကြီးတွေ ထိုးထိုးထောင်ထ လာတယ်။
မြိုနဲ့တူတဲ့လမ်းတွေဖော်ဆောင်လာတယ်။ နောက်ကွယ်မှာတော့ မြို့အတွက်အသက်တမျှ
အရေးကြီးတဲ့ သစ်ပင်ကြီးငယ်တွေကတော့ အတုံးအရုံး။
.
မြေအောက်ရေကို မှီခိုအားထားနေရတဲ့မြို့အတွက်
သစ်ပင်သစ်တောတွေက အရေးကြီးတဲ့ အသက်တစ်ချောင်း။ ဒီအသက်တွေကို ရှင်သန်ခွင့်မပြုရင်
မြို့တော်တောင်ကြီးရဲ့အသက်က ခန့်မှန်းရခက်သွားနိုင်တယ်။
.
အခုဆောင်းကာလပဲရှိပါသေးတယ်။ နွေဦးရောက်ဖို့ နေ့ရက်နာရီတွေ
ခရီးဆက်ရဦးမယ်။ ဒါပေမဲ့ မြို့တွင်းမှာရှိတဲ့ မြကန်သာရေကန်၊ ဂနိုင်ကန်တွေကတော့
အားလုံးမျက်တွင်းဟောက်ပက်တွေနဲ့။ ဒီပုံစံအတိုင်းဆက်သွားရင် မကြာခင် လာမယ့်
နှစ်အပိုင်းအခြားအတွင်း မြို့တော်တောင်ကြီး ရေဒုက္ခနဲ့ရင်ဆိုင်သွားရနိုင်တယ်။
.
တောင်ပေါ်မြို့တစ်ခုရဲ့ရေအရင်းအမြစ်က
မြေအောက်ရေပါ။ မြေအောက်ရေတွေရှင်သန်နေဖို့ သစ်ပင်သစ်တောတွေ အရေးတကြီးလိုအပ်တယ်။
ရှိပြီးသားအပင်တွေကို ထိန်းသိမ်းရမယ်။ စိုက်ပျိုးသမျှကိုရှင်သန်အောင်ပြုစုရမယ်။
မြို့တော်တောင်ကြီးရေဒုက္ခကင်းဝေးစေဖို့ သစ်ပင်တွေကိုရှင်သန်ခွင့်ပေးလိုက်ပါ
ကိုငြိမ်းမောင်လို့ အကြံပြုလိုက်ရ ပါကြောင်း။
.