ရှမ်းပြည်နယ်အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်အချိန်ဇယား အတိုင်း ဆောင်ရွက်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် သတ်မှတ်အချိန်ဇယား အတိုင်း ဆောင်ရွက်နေ

ကိုစိုး (ကမ္ဘောဇတိုင်း)

.

ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် သတ်မှတ် အချိန်ဇယား (Time Frame) အတိုင်း အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံက သိရသည်။

.



.

ထိုသို့ ဆောင်ရွက်ရာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်များက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ပြည်နယ်အတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး များအား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ၏ မူဝါဒများ၊ ရွေးချယ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ချပြရှင်းလင်းဆွေးနွေးခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၁၂ ရက်တွင်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ အားလုံးကို အဆိုပါ အကြောင်းအရာကိစ္စများနှင့် ပတ်သက်၍ အွန်လိုင်းမှတစ်ဆင့် Virtual Meeting ဖြင့် ချပြရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

“အဆင့်တွေတော့ အများကြီးရှိတာပေါ့။ သင်တန်းတွေပို့ချဖို့၊ ဖွဲ့စည်းဖို့ Time Frame အတိုင်း ဝင်အောင် သေချာ ကြပ်မတ် ဆောင်ရွက်နေပါတယ်။ မတ်လကုန်မှာ အပြီး ဆောင်ရွက်ရမှာပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ချမှတ်ထားသည့် အချိန်ဇယားအရ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့အစည်းများကိုဖွဲ့စည်းခြင်းကို ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်တွင်လည်းကောင်း၊ ဆယ်အိမ်စု၊ ရာအိမ်စု ဖွဲ့စည်းခြင်းကို ဖေဖော်ဝါရီလ ဒုတိယပတ်နှင့် တတိယပတ်တွင် လည်းကောင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ မတ်လ ဒုတိယပတ်အတွင်း လည်းကောင်း၊ ရွေးချယ်ခံရသော ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူး အမည်စာရင်းနှင့် အချက်အလက်များ စုစည်းခြင်း၊ ပြန်လည်စိစစ်ခြင်းနှင့် အထက် အဆင့်ဆင့်သို့ တင်ပြခြင်းကို မတ်လ ပထမပတ်မှ ဒုတိယပတ်အတွင်း လည်းကောင်း၊ အတည်ပြုခန့်ထားခြင်း ကို မတ်လ နောက်ဆုံးပတ်တွင်လည်းကောင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်း ရွေးချယ်ခံရသည့် အုပ်ချုပ်ရေးမှူးများ သည် ဧပြီလ ပထမပတ်မှ စတင်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

.

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၄၁) ဖြင့် ပြင်ဆင်ပြဌာန်းခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အရ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရာတွင် အိမ်ထောင်စု တစ်စုလျှင် အသက် ၁၈ နှစ်ပြည့်ပြီးသူတစ်ဦးက မဲပေးရန် တာဝန်ရှိပြီး ယင်း အိမ်ထောင်စုကိုယ်စားလှယ်များမှ ရပ်မိရပ်ဖများ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့ ၅ ဦးကိုလည်းကောင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို လည်းကောင်း အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပေးရမည်ဖြစ်ကြောင်း သိရသည်။

.

ရှမ်းပြည်နယ်တစ်ခုလုံးတွင် မြို့နယ်ပေါင်း ၅၅ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၁၇၈၇ စု ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats