.
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဇန်နဝါရီလ ၄ ရက်၊ နံနက်ပိုင်းက ထော်လာဂျီနှင့် ဆိုင်ကယ်တို့ တိုက်မိပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အသက် ၁၃ နှစ်အရွယ် လူငယ်မှာ ကျားအင်္ဂါ စုတ်ပြဲဒဏ်ရာများ ရရှိကာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
အောင်ပန်းမြို့၊ ရွာသစ်ရပ်နေ ချစ်မုန်း မောင်းနှင်လာသည့် ထော်လာဂျီသည် အောင်ပန်းမြို့၊ အိုးစည်လမ်းဆုံအရောက် တွင် ယာဉ်ကြော မရှင်းဘဲ ဦးသန့်လမ်းဘက်သို့ ချိုးကွေ့စဉ် လားရာတူအပေါ် ယာဉ်ကြောအတိုင်း အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ်မှ တပ်သား အောင်စံဖြိုး မောင်းနှင်၍ ဟဲဟိုးမြို့၊ ဈေးပိုင်းရပ်နေ ဖြိုးဇေယျာဝင်း လိုက်ပါလာသည့် ဆိုင်ကယ်မှ ထော်လာဂျီယာဉ်၏ ယာဘက်ခြမ်းသို့ ဝင်ရောက် တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိုက်မှုကြောင့် တပ်သား အောင်စံဖြိုးတွင် ဝဲဘက်ခါး နာကျင်ဒဏ်ရာ (မစိုးရိမ်ရ)၊ ဆိုင်ကယ်နောက်ထိုင် ဖြိုးဇေယျာဝင်းတွင် ကျားအင်္ဂါစုတ်ပြဲ ဒဏ်ရာ(စိုးရိမ်ရ)များ ရရှိခဲ့ပြီး အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
“ အဲဒီ အိုးစည်ကွေ့က ခဏခဏ ဖြစ်တယ်၊ ယာဉ်ကြောမရှင်းဘဲ ကွေ့တာက ဖြစ်စေတာ၊ အခု ကလေးက ဒဏ်ရာ ပြင်းထန်သလို သွေးကြောမကြီး ပေါက်သွားတာ ဖြစ်လို့ ဆေးရုံမှာ မိနစ် ၂၀ လောက်ပဲ ခံတယ်၊ သေသွားရတယ်။” ဟု အောင်ပန်းနာရေးကူညီမှုအသင်းမှ ဦးစိုးနိုင်က ပြောသည်။
.
အဆိုပါ ယာဉ်ကြော မရှင်းဘဲ ချိုးကွေ့မောင်းနှင်မှုကြောင့် လူသေဆုံးသည်အထိ ယာဉ်တိုက်မှု ဖြစ်စေခဲ့သည့် ထော်လာဂျီ မောင်းနှင်သူ ချစ်မုန်းအား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည်။