ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဇန်နဝါရီလ ၁၉ ရက်၊
ညပိုင်းက အရက်မူး၍ အချင်းများရာမှ လူသတ်မှု ဖြစ်ပွားခဲ့ ကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ
သိရသည်။
.
.အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ ဆန္ဒမွန်ဆေးခန်းအနောက်ဘက်ရှိ
ဆောက်လုပ်ရေးအလုပ်သမားတန်းလျား ရှေ့၊ မြနန္ဒာလမ်းမပေါ်တွင် ဆောက်လုပ်ရေးလုပ်သားများဖြစ်သော
ပန်းတနော်မြို့နယ်၊ ထိန်ကလားအုပ်စု၊ ရွှေဒင်္ဂါးကျွန်း ကျေးရွာနေ မျိုးသန့်နှင့် အင်းတကောမြို့၊
အမှတ် (၄) ရပ်ကွက်နေ ပြည့်ဖြိုးအောင် (ခ) အကြီးကောင် တို့သည် အရက်မူး၍ အချင်းများရာ
ပြည်ဖြိုးအောင် (ခ) အကြီးကောင်က အသင့်ပါလာသည့် အရိုးအသွား ၉ လက်မ ခန့်ရှိ စတီးလ်ဓါးဖြင့်
မျိုးသန့်၏ ဝဲဘက်မျက်လုံးအောက်သို့ ထိုးသွင်းကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မျက်လုံးဒဏ်ရာရရှိသူ မျိုးသန့်အား ဆောက်လုပ်ရေးတန်းလျားနေ
အလုပ်သမားများမှ ဆန္ဒမွန်ဆေးခန်းသို့ ပို့ဆောင် ပေးခဲ့ရာ မျိုးသန့်မှာ ရရှိဒဏ်ရာများဖြင့်
သေဆုံးသွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ပြည့်ဖြိုးအောင် (ခ) အကြီး ကောင်အား အောင်ပန်းနယ်မြေရဲစခန်းမှ
လိုက်လံဖမ်းဆီးရာ ဇန်နဝါရီလ ၂၀ ရက်၊ နံနက်အစောပိုင်း (၁၂ နာရီခွဲခန့်) တွင် ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
“ကျွန်တော်တို့ သတင်းရလို့သွားတော့ သူ့ကို လူအုပ်က မိထားပြီး။ အထက (၁၀) ရှေ့၊ ညောင်ပင်ထောင်ရပ်ကွက်၊ အောင်ပန်း-ကလောသွား ပြည်ထောင်စုလမ်းမကြီးပေါ်က ၂၂ ဘီးကားပေါ်ကို တက်ဖို့ကြိုးစားတာ လူအုပ်က ဆွဲပြီးဖမ်းထားတယ်လို့ သိရတယ်။ လက်ထိပ် ခတ်နေတုန်း သူဓါးနဲ့ထိုးခဲ့တဲ့သူက ဆေးခန်းမှာ သေသွားပြီလို့ သိရလို့ အလောင်းကို ဆေးစာရေးပြီး ညတွင်းချင်း အောင်ပန်းနာရေးကားနဲ့ ဆေးရုံကို ပို့ရတယ်” ဟု အောင်ပန်းနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကိုလတ် က ပြောသည်။
.
အဆိုပါ အမှုနှင့် ပတ်သက်၍ မျိုးသန့်အား သေဆုံးသည်အထိ ဓါးဖြင့်ထိုးခဲ့သူ ပြည့်ဖြိုးအောင် (ခ) အကြီးကောင် အား အောင်ပန်းနယ်မြေရဲစခန်းတွင် (ပ) ၁၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.