မိုင်းပန်မြို့၏ အထင်ကရ တိမ်ပင်လယ်အလှ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းပန်မြို့၏ အထင်ကရ တိမ်ပင်လယ်အလှ

​​စိုင်းဇော်လတ်(လင်းခေး)

.

အေးချမ်းသာယာသည့် ဟေမာန်ဆောင်း ခါသမယ၌ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်ရှိ သာယာလှပ အထင်ကရ တိမ်ပင်လယ်ရှုခင်းသာသို့ လာရောက် လည်ပတ်ကြသူ များပြားလျက် ရှိသည်။

.


တိမ်ပင်လယ်ရှုခင်းသာသည် မိုင်းပန်မြို့၏ အနောက်မြောက်ဘက် မိုင်းပန်-ကျိုင်းတောင်းသွား မော်တော်ကားလမ်း (လမ်းယာဘက်) လွိုင်မုံမိန်းတောင်ပေါ်၌ တည်ရှိသည်။ မိုင်းပန်မြို့မှာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၂၂၂ တွင် ရှိအေးမြသော ရာသီဥတု ရှိပြီး တောင်ပေါ်မြေပြန့်မြို့ တစ်မြို့ ဖြစ်ပေသည်။ ဆန်စပါး၊ ကြက်သွန်ဖြူ၊ နာနတ်၊ လိမ္မော်ကို အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြကာ လင်းခေးဘက်မှ မြို့အဝင်၌ မဟာတေဇာဓိပတိ ရွှေတိဂုံ ပုံတူစေတီတော် တည်ရှိသည်။

.

ယခုကာလ ဆောင်းခါသမယ၌ ပေါ်ထွန်းလျက် ရှိသည့် အထင်ကရ တိမ်ပင်လယ်သည် လွန်ခဲ့သော နှစ်များစွာကတည်းမှ ပေါ်ပေါက်နေခြင်း ဖြစ်သော်လည်း လူ အသွား/အလာ နည်းသော တောင်တန်းများကြား တည်ရှိနေခြင်းကြောင့် လူသိထင်ရှား မဖြစ်ခဲ့သော်လည်း ပြီးခဲ့သော ၂ နှစ်က လူစိတ်ဝင်စားမှု အချို့ ရှိလာပြီးနောက် ၂ဝ၂ဝ ပြည့်နှစ်နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ  မိုင်းပန်မြို့၏ တိမ်ပင်လယ် ရှုခင်းသာနေရာ တစ်နေရာအဖြစ် လူအများစိတ်ဝင်စားမှု ရရှိလာခဲ့ခြင်း ဖြစ်သည်။

.

မိုင်းပန်မြို့ သမိုင်းဝင်ရှေးရှမ်းစာဆိုတော်ကြီး စဝ်ကောလီပြတိုက်ကျောင်းမှ ၄ ဖာလုံခန့်အကွာ အရှေ့ဘက် တောင်ကုန်းနေရာ ရှုခင်းသာမှ ကြည့်ရှုလျင် နံနက် ၆ နာရီခွဲခန့်မှ ၉ နာရီခန့်အထိ အရှေ့ဘက် တောင်ကြောများမှ ထိုးဖောက် ဝင်ရောက်လာသည့် မြူခိုးမြူနှင်းများက အစိုင်အခဲအသွင်သဏ္ဍာန်ဖြင့် ကျယ်ပြန့်စွာ ထွက်ပေါ်လာကာ တိမ်စိုင်တိမ်ခဲများက တစ်လှိမ့်လှိမ့် တငြိမ့်ငြိမ့် လှုပ်ရှားပေါ်ထွန်းနေပုံများအား မြင်တွေ့နိုင်ပြီး ခံစားကြည့်ရှုသူများက မိုင်းပန်တိမ်ပင်လယ်ဟု တင်စား ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်သည်။

.


မိုးတိမ်များကင်းစင်မိုးအုံ့ခြင်း မရှိသည့် ရက်များအတွင်း၌ တိမ်ပင်လယ်ကို သာယာ လှပသော မိုင်းပန်တောင်တန်းကြီးများ အကြားဝယ် တစ်မျှော်တစ်ခေါ် လှမ်းမျှော်ကြည့်ရှု ခံစားနိုင်ပေသည်။ တိမ်သား ဖုံး၍ မိုးအုံ့ခဲ့လျှင်မူ တိမ်ဆိုင်များ အလိပ်လိပ် အခဲခဲ ဝင်ရောက်ကျဆင်းခြင်း နည်းပါးသော်လည်း တိမ်ပင်လယ်ထူ အောက်ရှိ မိုင်းပန်မြို့အဝင်လမ်း၊ စေတီများ၊ လယ်ကွင်းများနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများ၏ သဘာဝရှုခင်းများကို တွေ့မြင်နိုင် ကြည့်ရှုခံစား နိုင်ပါသည်။

.

မိုင်းပန်မြို့၏ အထင်ကရ တိမ်ပင်လယ် ပေါ်ပေါက်ရာ ရှုခင်းသာလွိုင်မုံမိန်း တောင်ကုန်းမှာ COVID-19 အလွန်ကာလချိန်၌ လာရောက်လေ့လာ လည်ပတ်စောင့်မျှော် ကြည့်ရှုသူများ ပိုမို များပြား လာနိုင်ပေလိမ့်မည်ဟု ဒေသခံများက ယုံကြည် မျှော်လင့်နေကြသည်။ မြို့၏ သာယာလှပသော လေ့လာ အပန်းဖြေစရာ(LandMark) တစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ ဆရာတော်သံဃာတော်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအုပ်ချုပ်ရေးပိုင်းဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မိုင်းပန်သူ မိုင်းပန်သားများ၊ ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင်တို့ စုပေါင်း စေတနာ အလှူငွေ၊ စုပေါင်းလုပ်အားများ ပေါင်းစပ်၍ ယခုအခါ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို တည်ထားကိုးကွယ်ခြင်း၊ တိမ်ပင်လယ်ရှုခင်းအား ကြည့်ရှုခံစား အမှတ်တရများ ရယူနိုင်ရန် မျှော်စင်များ တည်ဆောက် အလှဆင်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်ပြီးစီးထားပြီ ဖြစ်ကြောင်း မြင်တွေ့ခဲ့ရပါသည်။

.


ယခင်နှစ်ပေါင်းများစွာကတည်းက လူသူ အရောက်အပေါက် နည်းခဲ့သော လွိုင်မုံမိန်းတောင်ကုန်း နေရာသည် ယခုအခါ တိမ်ပင်လယ်နှင့် ဆုတောင်းပြည့် ရုပ်ပွားတော်တည်ထား ကိုးကွယ် လာခဲ့ပြီးနောက် မိုင်းပန် ဒေသခံပြည်သူများ သာမက ရပ်နီးရပ်ဝေးမှ ပြည်သူအများက ဟေမာန်ဆောင်းခါ သမယအတွင်း နေ့စဉ်နှင့်အမျှ လာရောက်လေ့လာနေကြသည်ကို တွေ့မြင်နေရသည်မှာ မိုင်းပန်မြို့၏ အနာဂတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကို မှန်းမျှော်ကြည့်လျက် “မိုင်းပန်တိမ်ပင်လယ်”အကြောင်းကို ရေးသား တင်ဆက် လိုက်ရပါသည်။

Journal Download

Photo of three cats