​အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ပဏာမ အပစ်ရပ် သဘောတူ စာချုပ် ချုပ်ဆိုရန် ညှိနှိုင်းထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ပဏာမ အပစ်ရပ် သဘောတူ စာချုပ် ချုပ်ဆိုရန် ညှိနှိုင်းထား

□ မင်းဇော်မင်း

.

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ ဖြစ်သည့် KIA ၊ AA ၊ TNLA ၊ MNDAA တို့နှင့် အစိုးရကိုယ်စားလှယ် အဖွဲ့တို့ ပဏာမ အပစ်ရပ် စာချုပ် ချုပ်ဆိုရန် ညှိနှိုင်းထားပြီး ဖြစ်​ကြောင်းနှင့် ပြုလုပ်မည့် နေရာကိုမူ အကြောင်း ပြန်ကြားချက် မရရှိသေးသဖြင့် မသိရသေးဟု ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

.

အပစ်ရပ် လက်မှတ် ​ရေးထိုးခြင်းအား ဇန်န၀ါရီ  ၂၇ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အတွင်း ​ဆောင်ရွက်ရန် ညှိနှိုင်းထားကြပြီး နှစ်ဖက်တွေ့ဆုံနိုင်ရန် ကြိုးစားနေကြကြောင်း ၄င်းက ဆိုသည်။

.


" ကျွန်တော်တို့ အစိုးရကိုယ်စားလှယ်တွေ အဖွဲ့ဘက်ကမြောက်ပိုင်း ၄ ဖွဲ့နဲ့ ပမာဏ ပစ်ခတ်တိုက်ခိုက်မှု သဘောတူ စာချုပ် ချုပ်ဆိုဖို့အတွက် အပြန်အလှန် နှစ်ဖက် ညှိနှိုင်းနေတာတွေ ရှိတယ်၊ ညှိနှိုင်းချက်ကတော့ တော်တော်များများ နီးစပ်ပါပြီ၊ အခု လူချင်းတွေ့ပြီးတော့ပဲ နောက်ဆုံး တစ်ခါထဲ လက်မှတ် ထိုးနိုင်ဖို့ကို ပြင်ဆင်နေတယ်၊ အဲဒါကို တွေ့ဆုံနိုင်ဖို့လည်း ခုလ  ၂၇ ရက်ကနေ ဖေဖော်ဝါရီလ ၄ ရက်အတွင်း ဖြစ်နိုင်ဖို့လည်း ညှိနှိုင်းနေတယ်၊ နေရာကတော့ ကျိုင်းတုံနဲ့ မြစ်ကြီးနား ၂ ခုကို ကျွန်တော်တို့က အဆိုပြုထားတယ်၊ အဲဒါကို မြောက်ပိုင်း ၄ ဖွဲ့ဖက်က အဆင်ပြေ/မပြေ ဆိုတာကို စောင့်နေတယ်။" ဟု ဦးလှမောင်ရွှေက ပြောသည်။

.

ယင်းကဲ့သို့ ​ဆောင်ရွက်မည့် အ​ခြေအ​နေနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှက " လူချင်း တွေ့ပြီး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုတာကို ကြိုဆိုပါတယ်၊ အပစ် ရပ်တယ်ဆိုတာ နိုင်ငံရေးအရ တိုင်းရင်းသားရေးနဲ့ တန်းတူညီမျှရေးကို ဖော်ဆောင်ဖို့ ဆွေးနွေးဖို့ ဖြစ်တဲ့အတွက် စာချုပ် ချုပ်ပြီး အကြာကြီး အချိန်မဆွဲဖို့ လိုပါတယ်။" ဟု ပြောသည်။

.

NCA လက်မှတ် ရေးထိုးထားသည့် KNU အနေဖြင့် လည်းကောင်း၊ RCSS အနေဖြင့် လည်းကောင်း အပစ်အခတ် တိုက်ခိုက်မှုများ ရှိနေသည့်အတွက် အမြန် တွေ့ဆုံ၍ ငြိမ်းချမ်းရေးကို ခိုင်မာစွာ အကောင်အထည် ဖော်နိုင်ရန် လိုအပ်ကြောင်း ဦးသာထွန်းလှက ဆိုသည်။

.

ထို့အတူ PNLO မှ ဒုဥက္ကဌ ခွန်မြင့်ထွန်းကလည်း " မြောက်ပိုင်း ၄ ဖွဲ့နဲ့ ပဏာမ အပစ်ရပ်စဲရေးကိစ္စ စုပေါင်းပြီး လက်မှတ် ရေးထိုးဖို့ပေါ့နော်၊ အဲဒီကမှ တဆင့် တစ်ဖွဲ့ချင်းဆီ ဆွေးနွေးမယ်၊ ပြီးရင် NCA ထဲမှာ ပါဝင်လက်မှတ် ရေးထိုးနိုင်မယ်၊ လုပ်မယ်ဆိုတဲ့ အခြေခံ နိုင်ငံရေး လမ်းကြောင်းကနေ နှစ်ဖက်စလုံးကနေ ပူးပေါင်း လုပ်ဆောင်နေတာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။"ဟု ပြောသည်။

.

တိုင်းပြည်၏ အခြေအနေအရ စစ်ဘောင်များ ကျဉ်းပြီး နိုင်ငံရေး ဘောင်ကျယ်လာဖို့ အဓိက လိုအပ်ကြောင်း၊ မြောက်ပိုင်း ၄ ဖွဲ့သည် NCA ကို အတူတကွ ပါဝင် ရေးဆွဲခဲ့သည့် Nationwide of Ceasefire Coordation Team (NCCT) အဖွဲ့ဝင်များ ဖြစ်ကြောင်း၊ KIO ဌာနချုပ်၊ လိုင်ဇာတွင် NCA စာချုပ် စတင် ရေးဆွဲခဲ့ကြောင်း၊ ပြီးမှ အစိုးရနှင့် ညှိနှိုင်းခဲ့ခြင်း ဖြစ်ရာ NCA ကို ရေးဆွဲခဲ့သည့် မြောက်ပိုင်း ၄ ဖွဲ့ အနေဖြင့် ပမာဏ အပစ်ခတ် ရပ်စဲရေးမှ တဆင့် တစ်ဖွဲ့ချင်း ဆွေးနွေးပြီး NCA လမ်းကြောင်းကို လျှောက်လှမ်းကြဖို့ ကြိုးစားတာကို အထူးကြိုဆိုကြောင်း ခွန်မြင့်ထွန်းက ဆက်လက် ပြောကြားသည်။

.

ပြီးခဲ့သည့်  ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် AA စစ်ဦးစီးချုပ်နှင့် တပ်မတော်ကိုယ်စားလှယ်တို့ အွန်လိုင်းမှ ဆွေးနွေးပြီးနောက် ရခိုင်ပြည်နယ်တွင် စစ်ပွဲများ နည်းပါးသွားခဲ့သည့် အပြင် တပ်မတော်ကလည်း လာမည့် ဖေဖော်ဝါရီ  ၂၈ ရက်အထိ အပစ်ခတ် ရပ်စဲထားမည် ဖြစ်ကြောင်း ကြေညာထားသည်။

Journal Download

Photo of three cats