ကလောမြို့အဝင် ဂိတ်တွင် လိုင်စင်မဲ့ယာဉ် မောင်းနှင်လာသူ တပ်မတော်အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးကို ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ကလောမြို့အဝင် ဂိတ်တွင် လိုင်စင်မဲ့ယာဉ် မောင်းနှင်လာသူ တပ်မတော်အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးကို ဖမ်းဆီး

ခွန်သန်းအောင်

.

ကလောမြို့အဝင် စစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ယာဉ်များ မောင်းနှင်လာသည့် တပ်မတော် အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးကို ဒီဇင်ဘာလ ၁၅ ရက်၊ ညပိုင်းတွင် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.


ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ကလောမြို့ အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ သာစည်ဘက်မှ ကလောမြို့သို့ မောင်းနှင်လာသည့် ယာဉ်များကို ရှာဖွေစစ်ဆေးနေစဉ် ဒီဇင်ဘာလ ၁၅ ရက်၊ ည ၁၁ နာရီခန့်တွင် မိတ္ထီလာ အခြေစိုက် တပ်မတော်(လေ)မှ အရာရှိ ၂ ဦး ဖြစ်သည့် ဗိုလ်မှူး ဇော်မင်းထက်နှင့် ဗိုလ်ကြီး စိုးဇေယျာထက်တို့ မောင်းနှင်လာသည့် ယာဉ်များ၏ သက်သေခံ စာရွက်စာတမ်းများကို စစ်ဆေးရာ ယာဉ်နှင့် ပတ်သက်သည့် တရားဝင် မှတ်ပုံတင်ထားသည့် လိုင်စင်စာရွက် အထောက်အထား တစ်စုံတစ်ရာကို ပြသနိုင်ခြင်း မရှိသဖြင့် ဖမ်းဆီးကာ စစ်စည်းကမ်းအရ အရေးယူနိုင်ရန် တပ်မတော်တပ်ထိန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

.

ထို့အတူ မြဝတီမြို့နေ စိုးမိုး၊ သိန်းထိုက်၊ ရဲကိုကို၊ အာကာမြင့်အောင်၊ မိတ္ထီလာမြို့နယ်နေ သူရထွန်း၊ အောင်အောင်၊ မြင့်သိန်းနှင့် ကိုမျိုးတို့ ၈ ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်များမှာလည်း တရားဝင် မှတ်ပုံတင်လိုင်စင် စာရွက်စာတမ်း တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည့်အတွက် ကလောမြို့မရဲစခန်းမှ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှု ဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။

.

အဆိုပါ လိုင်စင်မဲ့ယာဉ်အဖြစ် ဖမ်းဆီးခံရသည့် မော်တော်ယာဉ်များမှာ ALPHARD ယာဉ် ၂ စီး၊ Canter ယာဉ် ၂ စီး၊ WISH ၊ ဟွန်ဒိုင်း Accent ၊ Hilux ၊ Fuso ၊ Honda Fit ၁ စီးစီဖြင့် စုစုပေါင်း ၉  စီး ဖြစ်ကြောင်း သိရသည်။

.

ကလောမြို့နယ်တွင် လိုင်စင်မဲ့ယာဉ်များအား သီးသန့် ဖမ်းဆီးနေခြင်း မရှိဘဲ မော်တော်ယာဉ် ပါသူများအား COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးမှု ခံယူထားခြင်း ရှိ/မရှိ စစ်ဆေးစဉ် ယာဉ်မောင်းများက မောင်းနှင် ထွက်ပြေးခြင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ကမ္ဘောဇတိုင်းသို့ ပြောဆိုထားသည်။


Journal Download

Photo of three cats