.
တိုင်းဒေသကြီး/ပြည်နယ်များ၏ လွှတ်တော်အလိုက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ဦးရေနှင့် ဆန္ဒမဲပေးသူ ဦးရေအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ (ဒီဇင်ဘာလ ၂ ရက်)တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ်အတွင်း၌ ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒရှင်ဦးရေ ၃၆၃၄၂၈၃ ဦး အနက် မဲပေးသူဦးရေ ၂၄၂၁၃၄၈ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၆၆ ဒသမ ၆၃ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်တွင် မဲဆန္ဒရှင်ဦးရေ ၃၆၃၄၂၈၃ ဦး အနက် မဲပေးသူဦးရေ ၂၄၀၀၀၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၆၆ ဒသမ ၅၉ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး အပါအဝင်)တွင် မဲဆန္ဒရှင်ဦးရေ ၄၇၁၁၂၈၄ ဦး အနက် မဲပေးသူဦးရေ ၃၁၆၃၄၉၈ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၆၇ ဒသမ ၁၅ ရာခိုင်နှုန်း ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
.
မြန်မာတစ်နိုင်ငံလုံးတွင်မူ ပြည်သူ့လွှတ်တော်၌ မဲဆန္ဒရှင်ဦးရေ ၃၈၂၇၁၄၄၇ ဦး အနက် မဲပေးသူဦးရေ ၂၇၅၁၂၈၅၅ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၇၁ ဒသမ ၈၉ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်၌ မဲဆန္ဒရှင်ဦးရေ ၃၈၂၇၁၄၄၇ ဦး အနက် မဲပေးသူဦးရေ ၂၇၄၉၅၅၅၅ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၇၁ ဒသမ ၈၄ ရာခိုင်နှုန်း၊ တိုင်း/ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး အပါအဝင်)များ၌ မဲဆန္ဒရှင်ဦးရေ ၄၂၈၆၆၇၄၁ ဦး အနက် မဲပေးသူဦးရေ ၃၀၄၅၉၁၁၃ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၇၁ ဒသမ ၀၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းမှ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်း(ပန်ခမ်း)၊ နားဖန်းမြို့နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)မှ မိုင်းလားမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ မိုင်းကိုင်မြို့နယ်၊ စုစုပေါင်း ၆ မြို့နယ်နှင့် မြို့နယ်အချို့ရှိ ဒေသအချို့တွင် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။
.
ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၉ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၉၈ နေရာ၊ တိုင်းရင်းသားရေးရာ မဲဆန္ဒနယ် ၇ နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် ၁၆၆ နေရာတွင် NLD မှ ၅၄ နေရာ၊ USDP မှ ၄၂ နေရာ၊ SNLD မှ ၄၁ နေရာ၊ TNP မှ ၁၂ နေရာ၊ PNO မှ ၁၁ နေရာ၊ WNP မှ ၃ နေရာ၊ LNDP မှ ၂ နေရာ၊ SNDP မှ ၁ နေရာ၊ KNP မှ ၁ နေရာနှင့် တစ်သီးပုဂ္ဂလမှ ၂ နေရာဖြင့် အသီးသီး အနိုင် ရရှိခဲ့ကြောင်း သိရသည်။