မင်းဇော်မင်း
.
ကျောက်မဲမြို့၌ ဒီဇင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် လေသေနတ်ဖြင့် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ရာ ရှမ်းပြည်နယ်သတင်းစုံ လူမှုကွန်ရက် (Facebook) စာမျက်နှာတွင် TNLA မှ ပစ်ခတ်ကြောင်း သတင်းမှား ရေးသား ဖော်ပြထားမှုအား ကန့်ကွက်ကြောင်းနှင့် စုံစမ်းဖော်ထုတ် အရေးယူမည်ဟု ကာယကံရှင်များက ပြောဆိုခဲ့သည်။
.
အဆိုပါ သတင်းတွင် သတင်း မေးမြန်းခံရသူဟု ဖော်ပြထားသည့် ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် ကျောက်မဲခရိုင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်းအား အမှန်တကယ် မေးမြန်းခြင်း မရှိခဲ့သည့်အပြင် ဦးတင်မောင်သိန်း ကိုယ်တိုင် တင်သည့် Post တွင်လည်း ဖော်ပြခဲ့ခြင်း မရှိဟု ကာယကံရှင်များက ဆိုသည်။
.
“ ဘယ်သတင်း ဌာနကမှ အဲဒီဖြစ်စဉ်ကို မေးမြန်းတာ မရှိခဲ့သလို မေးလာခဲ့ရင်လည် မသိနိုင်တဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။ မမှန်မကန် သတင်းတင်တဲ့ အဲဒီသတင်းဌာနကို ဖော်ထုတ်ပြီး အရေးယူချင်ပါတယ်။” ဟု ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောသည်။
.
ရှမ်းပြည်သတင်းစုံ လူမှုကွန်ရက် (Facebook) စာမျက်နှာမှ ဒီဇင်ဘာလ ၁၇ ရက်တွင် ကျောက်မဲမြို့၊ လွယ်ခွန်တောင်ပတ်လမ်းမှာ လမ်းလျှောက် ထွက်နေတဲ့ လူငယ်တစ်ဦးကို TNLA က သေနတ်ဖြင့် ပစ်ခတ်ဆိုသည့် သတင်းတွင် ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် ဦးတင်မောင်သိန်းတို့ကို မေးမြန်းခဲ့ရာတွင် TNLA အဖွဲ့တွေက ပစ်ခတ်ခဲ့တာဟု ဖြေကြားကြောင်း မဟုတ်မမှန် ရေးသား ဖော်ပြ ပါရှိခဲ့သည့်အပေါ် ပြန်လည် တုံ့ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
“ ကိုယ်တိုင် ရေးတင်တဲ့ သတင်းမှာတောင် ဘယ်အဖွဲ့ဆိုတာ မပါဘူး၊ ဘယ်လက်နက်ကိုင်မှ လာပစ်တာလည်း မဟုတ်ဘူး၊ သတင်းဌာနတွေကို ဖြေတော့လဲ မည်သည့်လက်နက်ကိုင်အဖွဲ့မှ မပါဘူး၊ ဟုတ်မှ မဟုတ်တာ၊ ဒါ မလုပ်သင့်တဲ့ အလုပ်ပါ၊ မသိသူများကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကျွန်တော်က ပြောတာ ထင်ပြီး ယုံကြည် ကြပါလိမ့်မယ်၊ ဒီရှမ်းပြည်သတင်းစုံကို ယုံကြည်ရန် မရှိပါ၊ မလုပ်သင့်တာနဲ့ မရေးသင့်တာ ဆင်ခြင်ပေးပါ။” ဟု ကျောက်မဲခရိုင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်းက ပြောသည်။
.
၎င်းအနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စများကို မိတ်ဆွေများနှင့် နွေးထွေးစွာ ပြုလုပ်လျက်ရှိပြီး ဇီဝိတလူမှုကူညီရေးအသင်းတွင်လည်း ဥက္ကဌ အဖြစ် တာဝန်ယူ၍ မည်သည့် လူမျိုး၊ ဘာသာ ၊ အဆင့်အတန်း မခွဲခြားဘဲ ဆောင်ရွက်ပေးနေကြောင်း ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ်တွင် ပြည်နယ် အခြေစိုက် တရားဝင် သတင်းမီဒီယာများ ရှိသော်လည်း သတင်းအတုအယောင်၊ သတင်းအမှားများအား ရေးသားထုတ်လွှင့်နေသည့် တရားမဝင် လူမှုကွန်ရက် (Facebook) စာမျက်နှာ များစွာ ရှိနေသည့်အတွက် စာဖတ်သူများ အနေဖြင့် မိမိတို့ ဖတ်ရှုသည့် သတင်းဌာနသည် တရားဝင် ဟုတ်/မဟုတ်ကို စိစစ်ရန် လိုအပ်ကြောင်းနှင့် ယင်းကဲ့သို့ စိစစ်ရာတွင် ပြည်နယ်အတွင်းရှိ သတင်းမီဒီယာသမားများထံ မေးမြန်း အတည်ပြုနိုင်ကြောင်း သတင်းစာဆရာ တစ်ဦးက အကြံပြုခဲ့သည်။