TNLA က အရပ်သားများအား ဖမ်းဆီးပြီး ငွေကြေး တောင်းခံနေသည့်အပေါ် ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, December 7, 2020

TNLA က အရပ်သားများအား ဖမ်းဆီးပြီး ငွေကြေး တောင်းခံနေသည့်အပေါ် ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်

မင်းဇော်မင်း

.




မိုးကုတ်မြို့တွင် TNLA အဖွဲ့က အရပ်သားပြည်သူများအား အဓမ္မ ဖမ်းဆီး ခေါ်ဆောင်ကာ ရိုက်နှက်၍ ငွေကြေးအမြောက်အများ တောင်းခံမှုများ ပြုလုပ်နေသည့် အ​ပေါ် မိုးကုတ်မြို့သူမြို့သားများမှ ကန့်ကွက်ကြောင်း မန္တလေးတိုင်းဒေသကြီးအခြေစိုက် လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့က ဒီဇင်ဘာလ ၇ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

.

" TNLA ဆိုတာလဲ တစ်ကယ်တော့ တိုင်းရင်းသားတွေပါပဲ၊ သူတို့ လျှောက်ရမယ့်လမ်းမှာ ပြည်သူတွေကို ကြားခံ၊ တန်ဆာခံ အဖြစ် အသုံးပြုတာဟာ လူ့အခွင့်အရေး ချိုးဖောက်နေတာ ဖြစ်လို့ ဒီလုပ်ရပ်တွေ မလုပ်ဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ဟု အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ တာဝန်ခံ ဦးတင်ထွန်းနိုင် (ခ)

ဦးနိုင်မိုးက ပြောသည်။

.

အဆိုပါ ကြေညာချက်တွင် အပိုဒ် ၇ ပိုဒ် ပါဝင်ပြီး ဒီဇင်ဘာ ၄ ရက်က မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်မှ  စံပြမုန့်တိုက် ပိုင်ရှင် ဦးကျော်ဝင်းအား TNLA မှ အဓမ္မ ဖမ်းဆီးသွားမှု၊ အောက်တိုဘာ ၁၇ ရက်တွင် ယင်းရပ်ကွက်နေ ဒေါ်ခင်ဌေးမြင့်ကို TNLA အဖွဲ့က နေအိမ်အတွင်း ၀င်ရောက်ကာ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ ၁၀ ရက်အကြာ ထိန်းသိမ်း ရိုက်နှက်ပြီး ငွေကျပ်သိန်း ၃၄၀ ဖြင့် ပြန်လည် ရွေးယူခဲ့ရမှု၊ မိုးကုတ်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင် လုပ်ငန်း လုပ်ကိုင်နေသူများ၊ ဈေးဆိုင်ခန်းများ၊ ကုန်စုံဆိုင်များကို TNLA က နည်းလမ်းမျိုးစုံဖြင့်  ခြိမ်းခြောက်ကာ ငွေကြေး အမြောက်အများ တောင်းခံနေသဖြင့်ပြည်သူများ စိုးရိမ်ကြောက်လန့်စွာ ရင်ဆိုင်နေကြရမှု စသည့် လုပ်ရပ်များသည် တော်လှန်ရေးခေါင်းစဉ် တပ်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် TNLA သည် လူ့အခွင့်အရေးကို လေးစားလိုက်နာမှု မရှိသည့်အပြင် နိုင်ငံတကာ စစ်ဖက်၊ အရပ်ဖက်ဆိုင်ရာ ဥပဒေများကိုလည်း ပြောင် ချိုးဖောက်နေကြောင်း၊ ယင်းလုပ်ရပ်များအား နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်၊ တရုတ်နိုင်ငံ အပါအ၀င် နိုင်ငံ အသီးသီးသို့ အကြောင်းကြားစာ ပေးပို့သွားမည် ဖြစ်ကြောင်းပါရှိသည်။

.

လက်ရှိ ဖမ်းဆီးထားသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် အဓမ္မ ငွေကြေး တောင်းခံနေမှုအား ရပ်တန့်ရန် တောင်းဆိုထားပြီး မိုးကုတ်မြိုရှိ ရဟန်းရှင်လူ၊ လူတန်းစား အလွှာအသီးသီးနှင့်ဘာသာရေး အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများက ၀ိုင်းဝန်း ကန့်ကွက်ရှုတ်ချလိုက်သည်ဟုလည်း ဖော်ပြထားသည်။

.

ယင်း သဘောထားကြေညာချက်အား မိုးကုတ်မြို့ရှိ မြို့နယ်အရန်မီးသတ်တပ်ရင်း၊ ဘာသာပေါင်းစုံပတ္တမြားမြေ ငြိမ်းချမ်းရေးကွန်ရက်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ကျောက်ကုန်သည်ပွဲစားများအဖွဲ့၊ လီဆူစာပေနှင့် ယဉ်ကျေးမှုအသင်း၊ စိမ်းလန်းမိုးကုတ်အဖွဲ့တို့က တံဆိပ်တုံးများ ရိုက်နှိပ်ကာ လက်မှတ်ရေးထိုး ကန့်ကွက်ထားကြောင်း တွေ့ရှိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats