ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့မဈေး ပြန်လည်ဖွင့်လှစ်ခွင့် ရရှိနိုင်ရေးအတွက်
မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့
တင်ပြသွားမည်ဖြစ်ပြီး လတ်တလောတွင် ပြန်လည်ဖွင့်လှစ်ရန် မရှိသေးကြောင်း တောင်ကြီး မြို့နယ်
စည်ပင်သာယာရေးဌာနမှ သိရသည်။
.
.
“လောလောဆယ်တော့ ဖွင့်ဖို့ မရှိသေးပါဘူး။ အဆင့်ဆင့်
တင်ပြရဦးမှာပါ။ မြို့နယ် COVID-19 ကော်မတီကနေ ခွင့်ပြုချက် ယူပြီး
သင့်တော်တယ် ဆိုရင်တော့ ဖွင့်ရမှာပေါ့။ တင်ပြဖို့တော့ လုပ်နေပါတယ်” ဟု တောင်ကြီးမြို့နယ်
စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်က တောင်ကြီးမြို့မဈေးအတွင်း
COVID-19 ရောဂါ ပိုးတွေ့လူနာ တွေ့ရှိခဲ့သည့်အတွက် ဈေးကို ယာယီပိတ်ထားခြင်းဖြစ်သည်။
.
ထို့အတူ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့မဈေးတာဝန်ခံ
ဦးခင်အေး ကလည်း “၁၅ ရက်နေ့ ပြန်ဖွင့်ဖို့ စာတော့ တင်ထားပါတယ်။ ပြန်မကျလာသေးပါဘူး” ဟု
ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့မဈေး အတွင်း၌ ဈေးရုံပေါင်း ၁၉
ရုံ၊ ဆိုင်ခန်းပေါင်း ၁၈၆၈ ခန်း ရှိပြီး မြို့မဈေးသည် မြို့တော် တောင်ကြီး၏ အထင်ကရ
နေရာ တစ်ခု ဖြစ်ကာ တောင်ကြီးမြို့တွင် မြို့မဈေး အပြင် အမှတ်(၅) ဈေး ၊
စဝ်စံထွန်းဈေး၊ ရဲဘော်ဈေးတို့ တည်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်အထိ COVID-19 ရောဂါ ပိုးတွေ့လူနာ ၆၉၁ ဦး ရှိပြီး ၄၀၇ ဦးမှာ
ဆေးရုံဆင်းခွင့်ရပြီဖြစ်ကာ သေဆုံးသူ ၃ ဦး ရှိကြောင်း သိရသည်။
.