မြို့တော်တောင်ကြီး၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဌာနဆိုင်ရာနှင့် ဒေသခံ ပူးပေါင်းဆောင်ရွက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြို့တော်တောင်ကြီး၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဌာနဆိုင်ရာနှင့် ဒေသခံ ပူးပေါင်းဆောင်ရွက်မည်

အောင်ဆန်းဝင်း

.

မြို့တော်တောင်ကြီး၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဌာနဆိုင်ရာနှင့် ဒေသခံ ပြည်သူများ ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

.

ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တောင်ကြီးမြို့၊ သဘာဝအရင်းအမြစ် ထိန်းသိမ်းရေး တာဝန်ပေးအပ်ပွဲ ကို ယနေ့ ဒီဇင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ပြုလုပ် ခဲ့သည်ဟု သိရသည်။

.

တောင်ကြီးမြို့ ပတ်လည်မှာရှိတဲ့ သဘာဝပတ်ဝန်းကျင်၊ တောတောင်တွေ ထိန်းသိမ်းရေး၊ သဘာဝ ရေသယံဇာတ အရင်းအမြစ်တွေ ထိန်းသိမ်းရေးအတွက် ကော်မတီတွေ ဖွဲ့စည်းတာကို ချပြရှင်းလင်းတာပါ။ ထိန်းသိမ်းတဲ့ လုပ်ငန်း ကတော့ စလုပ်နေပါပြီ။ အရင်ကတည်းက အရပ်ဘက်အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေက သူ့ဟာနဲ့သူ လုပ်နေကြတာပါ။ ဒါကို အစိုးရအဖွဲ့က တာဝန်ပေးတဲ့အတွက် ထပ်ပြီးတော့ Renew လုပ်တဲ့ သဘောပါပဲ” ဟု တောင်ကြီးခရိုင် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး က ပြောဆိုခဲ့သည်။

.

တာဝန်ပေးအပ်ပွဲတွင် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက်ရောက်လာသူများက တောင်ကြီးမြို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

.

“အဓိက ကတော့ တောင်ကြီးမြို့ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဖြစ်ပါတယ်။ ဒါကို အရင်ကတည်းက လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ ဆောင်ရွက်နေပါတယ်။ ဒီနေ့ ပြုလုပ်တဲ့ အခမ်းအနားမှာတော့ ‌တောင်ကြီး ခရိုင် စီမံခန့်ခွဲမှုကော်မတီ အနေနဲ့ ဦးစီးပြီးတော့ တာဝန်ပေးအပ်တဲ့ သဘောပါပဲ။ အရင်ကတော့ ဌာနဆိုင်ရာ တွေပဲ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခုကတော့ ဌာနဆိုင်ရာနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောသည်။

.

ထိုသို့ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်၍ သက်ဆိုင်ရာ အင်ဂျင်နီယာများ၊ ရှမ်းပြည်နယ် အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က တောင်ကြီးမြို့ပေါ်တွင် အထပ်မြင့် အဆောက်အဦ ဆောက်လုပ်မှု၊ အဝီစိတွင်း တူးဖော်မှု၊ ကွန်ကရစ်ခင်းခြင်း စသည့် ရေအရင်းအမြစ် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါက ရှမ်းပြည်နယ် အစိုးရထံသို့ နည်းပညာနှင့် ရန်ပုံငွေတင်ပြအကူအညီတောင်းခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

“အဲဒီအဖွဲ့ကနေပြီးတော့ အထပ်မြင့်အဆောက်အဦ မဆောက်ရ ဆိုတဲ့ နေရာတွေ သတ်မှတ်အတည်ပြုပြီးပြီ ဆိုတာနဲ့ ပြည်သူတွေကို အသိပေးတာတွေကို လုပ်သွားပါမယ်။ နောက်ပြီး တောင်ကြီးမြို့က လူဦးရေ များလာတဲ့အလျောက် ရေ သုံးစွဲမှုကလည်း များလာတယ်။ ဒါပေမဲ့ မြို့ရဲ့ တိုးတက်လာတဲ့ အခြေအနေအရ ကွန်ကရစ်ခင်းတာတွေကြောင့် မြေ အောက်ရေ စိမ့်ဝင်နိုင်တဲ့ အနေအထား လျော့နည်းလာတယ်။ အဲဒီအပေါ်မှာ အကောင်းဆုံး ဘယ်လိုပြန်လည်ပြင်ဆင် ပြီးတော့ ဖြည့်တင်းမလဲ ဆိုတဲ့နည်းလမ်းကို အဖွဲ့နဲ့ စိစစ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းထိုက်က ဆက်လက်ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာမြို့တော်ဖြစ်ပြီး မြို့နယ်အတွင်း ရပ်ကွက် ၅၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄ အုပ်စု၊ ကျေးရွာပေါင်း ၃၇၁ ရွာ၊ အိမ်ခြေ ၅၈၄၆၃ အိမ်၊ အိမ်ထောင်စု ၆၆၅၀၀ စု၊ လူဦးရေ စုစုပေါင်း ၃၉၅၇၅၉ ဦး ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာအချက်အလက်များအရ သိရသည်။

.


Journal Download

Photo of three cats