တောင်ကြီးမြို့ ချမ်းသာရပ်ကွက်၊ ဘုရားကြီးတက်လမ်းအား အဆင့်မြှင့်တင်ပြုပြင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ ချမ်းသာရပ်ကွက်၊ ဘုရားကြီးတက်လမ်းအား အဆင့်မြှင့်တင်ပြုပြင်

အောင်ဆန်းဝင်း

.

တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်၊ ဘုရားကြီးတက်လမ်းအား မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

.

ထိုသို့ လမ်းအဆင့်မြှင့်တင်ပြုပြင်ရာတွင် ဘုရားကြီးတက်လမ်း၏ အနောက်မြို့ပတ်လမ်းမှ အမှတ် (၇) အခြေခံညာ အလယ်တန်းကျောင်းရှေ့အထိ လမ်းပိုင်း အရှည် ၅၅၀ ပေ အား လမ်းအကျယ် ၁၂ ပေမှ ၁၆ ပေအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

.

“ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနေနဲ့ ၂၀၁၈-၂၀၁၉ မှာ ဘုရားကြီးတက်လမ်း အဆင့်မြှင့်တင်ဖို့ မှတ်တမ်း ဓါတ်ပုံနဲ့တကွ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကို တင်လိုက်တာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် လုပ်ငန်းစီမံချက်ထဲမှာ ပါပြီးတော့ အခုလက်ရှိ ဒီဇင်ဘာလ ၈ ရက်က စပြီး ပြင်ဆင်နေပြီဖြစ်ပါတယ်” ဟု ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ဘုရားကြီးအတက်လမ်း အရှည် ၅၅၀ ပေ အဆင့်မြှင့်တင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအတွက် ငွေကျပ် ၁၃ ဒသမ ၂ သန်း၊ ရေမြောင်းနှင့် ရေမြောင်းဖုံး ပြုလုပ်ခြင်း ၉၉၇ ပေအတွက် ငွေကျပ် ၇၀ ဒသမ ၂၉ သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

.

“ဘုရားကြီးအတက်လမ်းက ချမ်းသာရပ်ကွက်အတွက် အဓိကဝင်ပေါက် ပင်မလမ်းကြီး ဖြစ်ပါတယ်။ အရင်က လမ်း အကျယ် ၁၂ ပေပဲ ရှိပြီး အတက်ကလည်း ကြီးတော့ ယာဉ်အသွားအလာ ခက်ခဲတဲ့အတွက် ‌မတော်တဆမှုတွေ ခဏခဏ ဖြစ်တတ်တယ်။ အခု ၁၆ ပေအကျယ်လမ်း ဖြစ်သွားရင် ပြည်သူတွေ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးခင်ဇော်က ဆက်လက်ပြောဆိုခဲ့သည်။

.

ထို့အပြင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို ဦးစားပေးအလိုက် တင်ပြရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ညွှန်ကြားလာသည့်အတွက် ချမ်းသာရပ်ကွက်အနေဖြင့် ဘုရားကြီးတက်လမ်း၏ ကျန်လမ်းပိုင်းဖြစ်သော အလက (၇) ကျောင်းရှေ့မှ မင်္ဂလာရာမပရိယတ္တိစာသင်တိုက်အထိ လမ်းပိုင်း အဆင့်မြှင့်တင် ပြုပြင်ရေးနှင့် စံပယ်ဖြူလမ်း အဆင့်မြှင့်တင်ပြုပြင်ရေးလုပ်ငန်းများကို တင်ပြထားကြောင်း သိရသည်။

.

Journal Download

Photo of three cats