မင်းဇော်မင်း
.
ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
လီဆူ နှင့် လီရှော တိုင်းရင်းသား အခေါ်အဝေါ် ကွဲလွဲမှုကြောင့် မဲပေးခွင့် မရခဲ့သဖြင့်
နိုင်ငံသားအခွင့်အရေး တန်းတူညီမျှမှု မရှိဟုဆိုကာ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သို့
လုပ်ထုံးလုပ်နည်းနှင့်အညီ ကန့်ကွက်လွှာ တင်သွင်းသွားမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင်
လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဂူဆာ ထံက သိရသည်။
.
.
“ရွေးကောက်ပွဲ မတိုင်မီကတည်းက လီဆူနဲ့ လီရှော အတူတူပါဆိုတာ
UEC ကို တင်ပြခဲ့ပေမဲ့ လဝကရဲ့ သတ်မှတ်ချက် အတိုင်းဆိုပြီး အကြောင်းပြန်လာတယ်။
အခု နမ်ဆန် တစ်ခုမှာပဲ လီရှော မဲပေးခွင့်ရပြီး ကျန်မြို့နယ်တွေမှာ မရတော့ လီဆူ (လီရှော)
လူမျိုးတွေ မဲပေးခွင့် ဆုံးရှုံးခဲ့ရသလို မဲရလဒ်လည်း အပြည့်အဝ မှန်ကန်မှု မရရှိခဲ့ဘူး။
လူမျိုးရဲ့ အခွင့် အရေးအတွက် မရမချင်း ထပ်မံတောင်းဆိုသွားမှာ ဖြစ်တဲ့အပြင် ၂၀၂၀ မဲရလဒ်အတွက်လည်း
၄၅ ရက်အတွင်း ကန့်ကွက်ဖို့ လုပ်နေပါတယ်။ လဝက က လူမျိုးကို သတ်မှတ်မှာလား၊ တိုင်းရင်းသားလူမျိုးစုတစ်ခုရဲ့
သမိုင်းကို အသိအမှတ်မပြုဘဲ ထားမှာလားလို့ မေးချင်ပါတယ်” ဟု လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဦးဂူဆာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လီဆူကို လီရှောဟု အခြားတိုင်းရင်းသားများ၏ အခေါ်အဝေါ်ကြောင့်
ကွဲပြားရခြင်းဖြစ်ပြီး လီဆူလူမျိုးသည် ကချင် မျိုးနွယ်စု ၁၂ မျိုးတွင် အပါအဝင်ဖြစ်ပြီး
ခိုလုံလီရှောသည်သာ အခြားမျိုးနွယ်စုဖြစ်ကြောင်း၊ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၂) တွင်လည်း
လီဆူလူမျိုးနှင့် လီရှောလူမျိုး အတူတူပင်ဖြစ်သည်ကို ဖော်ပြထားကြောင်း၊ အခြားတိုင်းရင်း
သားများက လီဆူကို လီရှောဟု အလွယ်ခေါ်ဆိုရာမှ လဝကစာရင်းတွင် လီရှောဟု ရေးမှတ်ပြီး လီဆူနှင့်
မတူဟု သတ်မှတ်ခံခဲ့ရခြင်းဖြစ်သဖြင့် တိုင်းရင်းသားအခွင့်အရေး နစ်နာဆုံးရှုံးနေရကြောင်း
၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်
ရှမ်းပြည်နယ် လီဆူတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် နေရာ အတွက် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ
လက်ရှိ လီဆူ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးဂူဆာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
ဒေါ်ခင်စန်းမြင့် (ခ) ယာန်ချီမီးကို ဆန္ဒမဲ ၁၆ မဲဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် လီဆူတိုင်းရင်းသားလူဦးရေ ၅ သိန်းကျော်
ရှိနေပြီး ရှမ်းပြည်နယ်တစ်ဝှမ်းတွင် တစ်သိန်းကျော် ရှိနေသော်လည်း ရွေးကောက်ပွဲ ကျင်းပခဲ့သည့်
ရှမ်းပြည်နယ်အတွင်းရှိ ၄၉ မြို့နယ်တွင် ၂၇၇၂၆ ဦးသာ မဲပေးခွင့် ရရှိခဲ့ပြီး ၁၃၆၅၈ ဦးသာ
လာရောက်မဲပေးခဲ့သည်ဟု သိရသည်။
.
ထို့အတူ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ရှမ်းပြည်နယ်ဥက္ကဋ္ဌ
ဒေါ်ဆွမ်မလေးကလည်း “လီဆူ၊ လီဆူး၊ လီရှော အားလုံး အတူတူပဲ၊ ၁၉၇၄၊ ၁၉၈၃၊ ၂၀၁၄ အားလုံးမှာ
လီရှောဟာ လီဆူနဲ့ အတူတူပဲ ဆိုတာ တင်ပြခဲ့တာတွေ ရှိတယ်။ ၂၀၁၄ တုန်းက လဝကဝန်ကြီး ဦးခင်ရီကို
တင်ပြခဲ့ပေမဲ့ တခြားလူမျိုးတွေလည်း ပြင်ဖို့ရှိနေတယ်လို့ပြောပြီး မရခဲ့ဘူး။ မှတ်ပုံတင်လုပ်ရင်
လီရှောဆိုရင် မလုပ်ပေးလို့ တခြားလူမျိုးအမည်နဲ့ လုပ်ရတာတွေ ရှိလို့ အခွင့်အရေးတွေ နစ်နာ
ဆုံးရှုံးနေတာကို အစိုးရတစ်ရပ်အနေနဲ့ လဝကကိုပဲ ပုံမချသင့်ဘူး။ အစိုးရက တိုင်းရင်းသားအခွင့်အရေးတွေ
ဖော်ထုတ် နေတယ်ဆိုရင် လုပ်ပေးစေချင်တယ်” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ လီဆူ ခေါ် လီရှောတိုင်းရင်းသားမှာ အတူတူပင်ဖြစ်ကြောင်းကို
ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးဂျေယာဟူက တင်ပြရန် ကြိုးပမ်းခဲ့ သော်လည်း တင်ပြခွင့်မရခဲ့ဘဲ လုပ်ပေးမည်ဟုသာ ပြောဆိုခဲ့ကြောင်း
၎င်းထံက သိရသည်။
.
အလားတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဦးဂူဆာကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံစဉ်က တင်ပြခဲ့ဖူးသည်ဟု သိရသည်။
.
၎င်းပြုစုထားသည့် စာရင်းအရ လီဆူ ခေါ် လီရှောတိုင်းရင်းသားများသည်
မန္တလေးတိုင်းဒေသကြီးတွင် လူဦးရေ ၆၄၀၀၀ ကျော်၊ ကယားပြည်နယ်တွင် ၄၀၃ ဦးနှင့် ကချင်ပြည်နယ်တွင်
၃ သိန်းကျော် ရှိနေကြောင်း သိရသည်။
.
No comments:
Post a Comment