.
“ မြို့နယ်ဥပဒေရုံးကို အကြံပြုချက် တောင်းထားပါတယ်။ သံသယ တရားခံကို လာမယ့် ၃၀ ရက်နေ့မှာ တရားစွဲမယ်။ ဘယ်သူ ဆိုတာကိုတော့ ပြောလို့ မရသေးပါဘူး၊ တရားစွဲတဲ့ အဆင့်ကြရင်တော့ ပြောလို့ရတယ်။ တရားရုံး စစ်တဲ့ အဆင့်ပေါ့။”ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဝင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဓမ္မ ပြုကျင့်ခံရသူသည် မြဝတီဘက်မှ ပြန်လာပြီးနောက် တောင်ကြီးတက္ကသိုလ်ရှိ Quarantine Center တွင် အသွားအလာ ကန့်သတ်ခံရသည့် ဟိုပုံးမြို့နယ်နေ အသက် ၃၃ နှစ်အရွယ် အမျိုးသမီး ဖြစ်ကာ ပြစ်မှု ကျူးလွန်သူကို ရဲတပ်ဖွဲ့ထံသို့ ပြသပြီးနောက် သံသယရှိသူ ကိုယ်တိုင် ရဲတပ်ဖွဲ့ထံသို့ ဝန်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ရဲရေးပိုင်သည့် ပြစ်မှုများ ဖြစ်ပါက သံသယ တရားခံကို ရဲအချုပ်တွင် ထိန်းသိမ်းထားပြီး အမှုစစ် ရဲအရာရှိက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယင်း စုံစမ်းရရှိချက်များအား ဥပဒေရုံးသို့ တင်ပြကာ မည်သည့် ပုဒ်မဖြင့် တရားစွဲဆိုရမည်ကို အကြံပြုချက် တောင်းခံ၍ ရရှိပါက တရားရုံးသို့ တင်ရခြင်း ဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေ တစ်ဦးက ရှင်းပြသည်။
.
အဆိုပါ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မ ပြုကျင့်သူဟု သံသယရှိသည့် အမျိုးသားအား တောင်ကြီး မြို့မရဲစခန်းတွင် (ပ) ၅၉၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူမှာ မည်သူ ဖြစ်သည်ကို ရဲတပ်ဖွဲ့က အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေ။