ကိုစိုး (ကမ္ဘောဇတိုင်း)
.
ကမ္ဘာနှင့်တစ်ဝှမ်း
ဖြစ်ပွားနေသော COVID-19 ကပ်ရောဂါ ဆိုင်ရာ
ကန့်သတ်တားမြစ်ချက်များကြောင့် တင်ဒါအောင် ဆောက်လုပ်ရေးကုမ္ပဏီများ အခက်အခဲကြုံတွေ့နေရပြီး
တည်ဆောက်ရေးကာလ သက်တမ်းတိုးမြှင့်ပေးရန် လိုလား လျက်ရှိကြောင်း သိရသည်။
.
.
“နောက်ထပ်
တစ်ကျောင်း သွားဆောက်ရမှာ ၂ လပိုင်း အပြီးအပ်ရမှာပါ။ ရောဂါနဲ့ ရွာက အဝင်မခံတော့
အချိန်တိုးပေး ရမှာပါ။ ငွေထုတ်ပေးတော့လည်း နောက်ကျ၊ QC စစ်တော့လည်း
မလာ၊ တည်ကော်ကလည်း ခုထိ လာမစစ်သေးဘူး။ လာမစစ်တော့ ငွေမထုတ်ရဘူး” ဟု တင်ဒါရ
ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ အခြား
ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကလည်း “ကျွန်တော်တို့ဘဝက ရောဂါတွေကြား
သွားလာနေရတာကတစ်ဘက်၊ အောက်လူတွေ စားဝတ်နေရေးကတစ်ဘက်၊ အလုပ်ရရေး တွေးပူရတာက တစ်ဘက်၊
မတော်မတရားလုပ်တဲ့သူတွေကြောင့် စိတ်ပင်ပန်းရတာကတစ်ဘက် ဖြစ်နေတယ်” ဟု ၎င်း၏
အမြင်ကို ပြောဆိုခဲ့သည်။
.
ဆောက်လုပ်ရေးကုမ္ပဏီများအနေဖြင့်
လုပ်သားများအား လုပ်ငန်းခွင်တည်ရှိရာ ကျေးရွာသို့ သွားရောက်ပို့ဆောင်ရာ တွင်
သက်ဆိုင်ရာကျေးရွာများမှ ဝင်ရောက်ခွင့် မပြုခြင်း၊ ဝင်ရောက်ခွင့် ပြုသော်လည်း Quarantine ဝင်ရောက်ရခြင်း များ ရှိနေသဖြင့် လုပ်ငန်းမတွင်ကျယ်ဘဲ
အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု သိရသည်။
.
ယမန်နေ့
ဒီဇင်ဘာလ ၂၇ ရက်ကလည်း လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ဆောက်လုပ်ရေးလုပ်ငန်း
ဆောင်ရွက်ရန် လာရောက်သည့် ကုမ္ပဏီတစ်ခုမှ လုပ်သား ၅ ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ထို့အပြင်
သံချောင်း/သံလုံးအပါအဝင် အခြား ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းများ ဈေးနှုန်း
မြင့်တက်လာနေပြီး သယ်ယူပို့ဆောင်ခစရိတ် ကြီးမြင့်ခြင်းကြောင့်လည်း
လုပ်ငန်းရှင်များ အခက်တွေ့နေရကြောင်း သိရသည်။
.