စိုင်းအောင်ဇော်လင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ပုံကျေးရွာတွင်
လက်ဖက်ခင်းများ အထွက်နှုန်းတိုးစေရန်အတွက် ဒီဇင်ဘာလ ၂၇ ရက်က လက်ဖက်ကိုင်းဖြတ်နည်း သရုပ်ပြသခြင်းနှင့်
ပျိုးထုတ်နည်း၊ စိုက်ပျိုးနည်း၊ သဘာဝမြေဩဇာ အသုံးပြုနည်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း
သိရသည်။
.
.ထိုသို့ လက်တွေ့သရုပ်ပြသရာတွင် မိုင်းယောင်းမြို့နယ်
စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်ကျော်မိုးက လက်ဖက်ခြံ တစ်ခြံ အထွက်နှုန်းတိုးရန်၊ အရည်အသွေးကောင်းရန်၊
ခူးဆွတ်နည်း၊ ကိုင်းဖြတ်ပြုပြင်နည်း၊ သဘာဝမြေဆွေး အသုံးပြုနည်း၊ ပျိုးထုတ်ရာတွင်
နောက်ချေး၊ ဖွဲ၊ မြေကြီး ရောစပ်ပျိုးထုတ်နည်း စသည့် လက်ဖက်စိုက်နည်းစနစ်များကို
ရှင်းလင်းပြောကြားပြီး လက်ဖက်ကိုင်းဖြတ်နည်း၊ ထိန်းသိမ်းပြုပြင်နည်းများကို
လက်တွေ့ သရုပ်ပြသခဲ့ကြောင်း သိရသည်။
.
“လက်ဖက်ကို မိရိုးဖလာနည်းနဲ့ သမားရိုးကျ
စိုက်ပျိုးခြင်း မဟုတ်ဘဲ စိုက်ပျိုးတဲ့အခါမှာ အရည်သွေးကောင်းတဲ့ မိခင် ပင်ကို
ရွေးချယ်ဖို့ လိုပါတယ်။ မျိုးစေ့အဖြစ်သုံးမယ့် အသီးက အရည်အသွေးကောင်းမှ
စိုက်တဲ့လက်ဖက်ပင်လည်း ကောင်းမှာပါ။ နောက်တစ်ခုက အတန်းလိုက်စိုက်တဲ့အခါ တောင်စောင်းတွေမှာ
ကန့်လန့်စိုက်သင့်တယ်။ ဒေါင်လိုက် စိုက်ရင် မိုးရွာလို့ ရေတိုက်စားတဲ့အခါ
မြေဆီမြေနှစ်တွေ ပါသွားတတ်တယ်။ လှေခါးထစ်ပုံစံဖြစ်သွားအောင် ပေါင်း ပေါက်လိုက်ဖို့
လိုပါတယ်။ အဲဒါဆို အကန့်လိုက်ဖြစ်သွားပြီး မြေဆီလွှာထိန်းသိမ်းဖို့လည်း
လွယ်သွားမယ်။ လက်ဖက် ပင်ကို ကိုင်းဖြတ်တဲ့အခါမှာ တချို့က ဓားနဲ့ရမ်းတော့
ကိုင်းပြတ်တာမညီဘဲ ထိပ်ကွဲပြီး မိုးရေဝင်ရင် တချို့ကိုင်းတွေက
ပုပ်သွားနိုင်ပါတယ်”ဟု ဦးကျော်ကျော်မိုးက ပြောသည်။
.
လက်ဖက်ပင်များကို ကိုင်းဖြတ်ကတ်ကြေးဖြင့်
စနစ်တကျ ကိုင်းဖြတ်ခြင်းအားဖြင့် လက်ဖက်ပင်အတွက် လေဝင် လေထွက်ကောင်းခြင်း၊
အညွန့်ပိုမိုသန်မာခြင်း၊ လက်ဖက်ညွန့်များလည်း ပိုမိုထွက်ရှိလာမည်ဖြစ်သည့်အပြင်
ခူးဆွတ် ရမည့်အကြိမ် များပြားလာမည်ဖြစ်ကြောင်း စသည့် အကျိုးကျေးဇူးများကို
ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ်အတွင်း လက်ဖက် ဧက ၁၀၀ ခန့် စိုက်ပျိုးထားကြောင်း
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာအချက်အလက်များအရ သိရသည်။
.