စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ စားသောက်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့်
ပြုရေးနှင့် ပတ်သက်၍ ကော်မတီဖွဲ့ကာ ပြန်လည်စိစစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး
ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရသည်။
.
.ရှမ်းပြည်နယ် COVID-19 ရောဂါ
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ အစည်းအဝေးကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံးတွင်
ယနေ့ ဒီဇင်ဘာလ ၄ ရက်က ပြုလုပ်ရာ အစည်းအဝေးမှ ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
.
“ဒီနေ့ ဒီဇင်ဘာလ ၄ ရက်မှာပဲ ပြည်နယ် COVID-19
ကာ၊ ထိန်းကု ကော်မတီ အစည်းအဝေး လုပ်တယ်။ အဲဒီ A အဆင့်ရတဲ့ ဆိုင်တွေကို ဖွင့်နိုင်/မဖွင့်နိုင်၊ စည်းကမ်းချက်တွေကို လိုက်နာနိုင်သလား
ဆိုတာ အသေးစိတ် ပြန်လည် စိစစ်ပြီးမှ ကြေညာပါမယ်။ ဒီနေ့ပဲ ကော်မတီတစ်ခုဖွဲ့ပါတယ်။ အဲဒီကော်မတီက
မနက်ဖြန် (ဒီဇင်ဘာ ၅ ရက်) က စပြီး လိုက်စစ်ဆေးမယ်။ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း
ဘယ်လိုလုပ်တယ် ဆိုတာ စောင့်ကြည့်ရမယ်။ အဲဒီကော်မတီကနေ အစီရင်ခံစာ ထွက်လာပြီးမှ Cabinet
မှာ ပြန်ဆုံးဖြတ်မှာပါ။ တစ်ဆင့်ချင်း တော့ ဖြေလျှော့သွားမှာပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့
ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ထိုသို့ ပြန်လည်ခွင့်ပြုရာတွင် Stay at
Home သတ်မှတ်ထားသည့် မြို့နယ်၊ ရပ်ကွက်များရှိ စားသောက်ဆိုင်များ၊ ရောဂါပိုးတွေ့လူနာ
များပြားသည့် ဒေသများမှ စားသောက်ဆိုင်များမှာမူ ပါဝင်မည် မဟုတ်ကြောင်း ပြည်နယ်ဝန်ကြီးက
ဆက်လက်ပြောဆိုခဲ့သည်။
.
လူစုလူဝေးဖြင့် သွားလာနေထိုင် စားသောက်ခြင်းများမှ
COVID-19 ရောဂါ ကူးစက်မှုကို ပိုမိုခံရနိုင်ဖွယ် ရှိသည့်အတွက်
စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ခွင့်မပြုဘဲ
Take-away စနစ်ဖြင့်သာ ရောင်းချရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက
ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ပြီး Stay
Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအား
စားသောက် ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ပြန်လည်ခွင့်ပြုနိုင်ရန်
နိုဝင်ဘာလ အတွင်းက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြန်မာတစ်နိုင်ငံလုံးတွင် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ
စံသတ်မှတ်ချက် (A) အဆင့်နှင့် ကိုက်ညီသည့်ဆိုင် ၈၀၁၇ ဆိုင် ရှိသည့်အတွက်
ယင်းဆိုင်များကို ဒီဇင်ဘာလ ၄ ရက်မှ စတင်၍ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြုကြောင်း
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက
ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ကိုက်ညီသော A အဆင့် သတ်မှတ်ချက်ရ
စားသောက်ဆိုင် ၁၀၀၀ ကျော် ရှိနေသည်ဟု သိရသည်။
.