.
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ နယ်မြေအချို့တွင် မိမိအိမ်တွင်သာ နေထိုင်ရန် (Stay at Home) အမိန့်ကို ဒီဇင်ဘာလ ၂၅ ရက် အထိ တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထပ်မံ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
.
“ နောက်ဆုံး ပိုးတွေ့ခဲ့တဲ့ အချိန်က ဒီဇင်ဘာလ ၁၁ ရက် ပေါ့။ နောက်ဆုံး ပိုးတွေ့တဲ့နေ့က စပြီးတော့မှ ၁၄ ရက်မြောက်တဲ့ ၂၅ ရက် ထိကို ရက်တိုးလိုက်တာပါ။”ဟု တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ Stay at Home အမိန့်ကာလ တိုးမြှင့် လိုက်ခြင်းအပေါ် ဒေသခံအချို့က ဝေဖန် ပြစ်တင်မှုများ ရှိနေသကဲ့သို့ သတ်မှတ် စည်းကမ်းအရ လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် ထောက်ခံသူများလည်း ရှိနေကြောင်း သိရသည်။
.
“ ကျွန်တော်တို့က တော့ တစ်ရပ်ကွက်ကိုပဲ ကြည့်မလား။ ကျန်တဲ့ တစ်မြို့နယ်လုံး အတွက် အခြေအနေကိုပဲ ကြည့်မလားပေါ့။ အဲ့လိုမျိုးတော့ ရှိတာပေါ့။ ဘယ်သူ့မှတော့ ထပ်ပြီး မတိုးချင်ဘူး.။ မတိုးချင်ပေမဲ့လည်း မင်္ဂလာဦးရပ်ကွက် ဖြစ်ပွားမှုက တစ်ရိပ်ရိပ် တတ်လာတဲ့ အနေအထားပေါ့။ နောက်ဆုံး ပိုး တွေ့ခဲ့တဲ့ ဦးရေကလည်း ၄ ယောက်တောင်မှ ဖြစ်နေတာပေါ့နော်။ ဘယ်လိုမှကို လျှော့ပေးလို့ မရတဲ့ အနေအထား ဖြစ်သွားတာ။”ဟု ဒေါက်တာ မိုးထွန်းက ဆက်လက် ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၌ COVID -19 ကူးစက်ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၃၄ ဦး တွေ့ရှိခဲ့သဖြင့် တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ အနက် ပိုးတွေ့ရှိနှုန်း အများဆုံး ဖြစ်ပြီး ယင်းရပ်ကွက်ရှိ နယ်မြေအချို့ကို နိုဝင်ဘာ ၂၉ ရက်မှ စတင်၍ Stay at Home အမိန့် ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။