မင်းဇော်မင်း
.
သီပေါမြို့နယ်၊ ဝမ်နွတ်ကျေးရွာတွင် သက်ငယ်မုဒိမ်းပြုကျင့်၍
လူသတ်မှု ကျူးလွန်သူတစ်ဦးကို ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) တရားရုံးအဆင့်ဆင့်တွင် စစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၂၂ ရက်တွင် သေဒဏ်ချမှတ်ခဲ့သည်ဟု
သိရသည်။
.
.“တရားခံကိုယ်တိုင်လည်း ဖြောင့်ချက်ပေးတယ်။ အယူခံတင်ခွင့်
ရှိပေမဲ့ သူကိုယ်တိုင်ကလည်း မတင်ချင်တော့သလို လိုက်ပါ လုပ်ဆောင်ပေးမယ့်သူလည်း မရှိတော့ဘူး။
သေဒဏ်ကို သူကိုယ်တိုင် လက်ခံတယ်” ဟု SSPP ဗဟိုတရားရုံးမှ ဥပဒေအရာရှိ
စိုင်းအူဟိန်းက ပြောသည်။
.
အဆိုပါ အမှုကို အများပြည်သူရှေ့တွင် လွတ်လပ်ပွင့်လင်းစွာ
စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သက်ငယ်မုဒိမ်းနှင့် လူသတ်မှု မြောက်ကြောင်း ဗဟိုတရားရုံးမှ
အတည်ပြုကာ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ပြစ်ဒဏ်ကို ဗဟိုတရားရုံးအနေဖြင့် ချမှတ်ခဲ့ခြင်းသာဖြစ်ပြီး
သေဒဏ်ကို သေနတ်ဖြင့်လည်းကောင်း၊ ကြိုးဖြင့် လည်းကောင်း၊ အဆိပ်ဖြင့်လည်းကောင်း မည်သို့
စီရင်မည်ကို အပြစ်ပေးအဖွဲ့က ချမှတ်လုပ်ဆောင်မည်ဖြစ်ကာ လူထု ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ
တရားစီရင်မည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
ယခင်ကလည်း အလားတူအမှုမျိုးမှ တရားခံများကို သေနတ်ဖြင့်
ပစ်သတ်ကာ သေဒဏ်စီရင်ခဲ့ခြင်းမျိုး ရှိကြောင်းနှင့် ယခု သေဒဏ်စီရင်ခြင်းခံရသူ အိုက်စောအား
မည်သည့်နေ့ရက်တွင် သေဒဏ်စီရင်မည်ကို မသိရသေးကြောင်း စိုင်းအူဟိန်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်တွင် အိုက်စော သည် သီပေါမြို့နယ်၊
ဝမ်နွတ်ကျေးရွာနေ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်အား နေအိမ်မှ အတင်းအဓမ္မ ချုပ်ကာ ရွာအရှေကဘက်
ခြုံအတွင်း အဓမ္မကျူးလွန်ခဲ့ပြီးနောက် ကလေးငယ်အား လျှိုမြောင်အတွင်းသို့ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့သို့ ကျူးလွန်မှုကြောင့် မိန်းကလေးငယ်တွင် ရရှိဒဏ်ရာများဖြင့်
သေဆုံးခဲ့ပြီး မသင်္ကာသူ အိုက်စောကို ဒီဇင်ဘာလ ၁၀ ရက်တွင် ဖမ်းဆီးကာ SSPP တရားရုံးအဆင့်ဆင့်တွင် စစ်ဆေးကာ အသက်မပြည့်သေးသူကို မုဒိမ်းပြုကျင့် သောကြောင့်
သက်ငယ်မုဒိမ်းပြုကျင့်မှု၊ သေသည်အထိ လုပ်ကြံသောကြောင့်လူသတ်မှုမြောက်သဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ
ဗဟိုတရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း SSPP က သတင်း ထုတ်ပြန်ထားသည်။
.