စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် ၂၀၂၀ ပြည့်နှစ်၊
ဇန်နဝါရီလမှ နိုဝင်ဘာလကုန် အထိ ၁၁ လအတွင်း ယာဉ်တိုက်မှု ၄၅၈ မှု ဖြစ်ပွားခဲ့ပြီး
သေဆုံးသူ စုစုပေါင်း ၁၆၂ ဦး ရှိခဲ့သည်ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ
ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) ၏ မှတ်တမ်းများအရ သိရသည်။
.
.လစဉ်အလိုက် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု
အရေအတွက် အနေဖြင့် ဇန်နဝါရီလတွင် ၆၆ မှုဖြင့် အများဆုံး ဖြစ်ပွားခဲ့ပြီး ဧပြီလတွင်
အနည်းဆုံး ဖြစ်ပွားခဲ့ကာ ယာဉ်မတော်တဆမှုများကြောင့်
အမျိုးသား ၁၃၉ ဦးနှင့် အမျိုးသမီး ၂၃ ဦး၊ စုစုပေါင်း ၁၆၂ ဦး သေဆုံးခဲ့ပြီး
အမျိုးသား ၅၀၈ ဦး၊ အမျိုးသမီး ၁၇၄ ဦး၊ စုစုပေါင်း ၆၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
သည်ဟု သိရသည်။
.
“ယာဉ်တိုက်မှု လျော့နည်းအောင် လုပ်နေတဲ့
စီမံကိန်း အစီအစဉ်တွေ ရှိပါတယ်။ ပညာပေး ဆောင်ရွက်တဲ့ အပိုင်း ရှိတယ်။
စစ်ဆေးအရေးယူတဲ့ အပိုင်းရှိတယ်။ ဟန်ချက်ညီညီ သွားတာပေါ့။ ထိုက်သင့်တဲ့
အရေးယူမှုတွေ လုပ်နေပါတယ်” ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး
ထွန်းနိုင်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယာဉ်တိုက်မှု လျော့နည်းစေရန်အတွက် အများပြည်သူများ
သိရှိနိုင်ရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက် သော ဆိုင်းဘုတ်ကြီးများ
ထောင်၍ အသိပညာပေးခြင်း၊ လက်ကမ်းစားစောင်များ ဖြန့်ဝေခြင်း၊ မော်တော်ယာဉ်များ ပေါ်တွင်
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေများ ဆွေးနွေးဟောပြောခြင်း၊ ပြပွဲများပြုလုပ်၍
ပညာပေးခြင်း၊ လမ်းဆုံများတွင် လက်ကိုင်အသံချဲ့စက်ဖြင့် ပညာပေးခြင်းနှင့် တစ်ဦးချင်းထွက်၍
အသိပညာပေးသည့် လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
.
အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး
(ရှမ်းတောင်) အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလ အထိ
ပညာပေးဟောပြောမှုပေါင်း ၃၇၉ ကြိမ် ပြုလုပ်ပေးခဲ့ပြီး တတ်ရောက်သူ ၇၆၁၃၁ ဦး
ရှိခဲ့ကြောင်းသိရသည်။
.
ထို့အတူ အရေးယူမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊
ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စည်းကမ်းပျက်ယာဉ်ပေါင်း မော်တော်ကား ၃၂၅ စီး၊ ဆိုင်ကယ်
၄၀၁ စီးမှ ယာဉ်မောင်းများကို တရားရုံး ဒဏ်ငွေ ၁၁၁၂၀၀၀၀ ကျပ် ဒဏ်ရိုက် အရေးယူနိုင်ခဲ့ကြောင်း
သိရသည်။
.
No comments:
Post a Comment