ကိုစိုး (ကမ္ဘောဇတိုင်း)
.
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် ကျရောက်မည့်
၂၁၁၅ ခုနှစ် ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော် အတွက် ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ
မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းများသို့ နှုတ်ခွန်းဆက်စကား ပေးပို့ခဲ့သည်ဟု
သိရသည်။
.
.“မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ရှိတဲ့ ရှမ်းတိုင်းရင်းသားတွေ
နေထိုင်တဲ့မြို့တွေမှာ COVID-19 ရောဂါကြောင့် နှစ်စဉ် ကျင်းပတဲ့
ရှမ်းနှစ်သစ်ကူးပွဲတော်ကို မကျင်းပနိုင်ကြဘူး။ သက်ကြီးပူဇော်ပွဲတို့၊ သံဃာတော်တွေကို
ဆွမ်းကပ်တာတို့၊ ကောက်သစ်စားပွဲတို့ မလုပ်နိုင်ဘူး။ အဲဒါကြောင့် မြို့နယ်အသီးသီးက ရှမ်းစာပေနဲ့
ယဉ်ကျေးမှုအသင်းတွေကို ကျွန်တော်တို့ ဗဟို ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းက နှုတ်ခွန်းဆက်စကား
ပေးပို့တာ ဖြစ်ပါတယ်” ဟု ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို) မှ စိုင်းခင်မောင်စိန်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ နှုတ်ခွန်းဆက်စကားတွင် ရှမ်းသက္ကရာဇ်
၂၁၁၅ ခုနှစ် နတ်တော်လဆန်း ၁ ရက် ရှမ်းနှစ်သစ်နေ့ရက်မှ စ၍ ကမ္ဘာနှင့် အဝှမ်းခံစားနေရသော
COVID-19 ကပ်ဘေးမှ ရှ၎်းတိုင်းရင်းသားအားလုံး ကျော်လွန်လွတ်မြောက်ပြီး
ကျန်းမာ ချမ်းသာစွာဖြင့် မိမိတို့၏ မိသားစုမှစ၍ ရှမ်းလူမျိုးနွယ် ရှမ်းတိုင်းရင်းသားအားလုံးအတွက်
ဘာသာ၊ ဆွေမျိုး၊ ပတ်ဝန်းကျင်၊ သာသနာနှင့် စာပေယဉ်ကျေးမှုများကို ယခုထက်ပိုမို ထိန်းသိမ်းစောင့်ရှောက်ပြီး
စွမ်းစွမ်းတမံ ဆောင်ရွက် နိုင်ပါစေကြောင်းဖြင့် ဖော်ပြပါရှိသည်။
.
“ကျွန်တော်တို့ အားလုံး ရည်ရွယ်နေတဲ့ စစ်မှန်တဲ့
ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်အောင် လာမယ့် ရှမ်း နှစ်သစ်ကနေ စပြီးတော့ ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြပါစို့လို့
တခြားသော တိုင်းရင်းသားတွေကိုလည်း တိုက်တွန်း နှိုးဆော်ပါတယ်” ဟု စိုင်းခင်မောင်စိန်က
ဆက်လက်ပြောဆိုခဲ့သည်။
.
ရှမ်းသက္ကရာဇ် ရေတွက်ပုံမှာ နန်ချိုပြည်သို့
ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ပိဋကတ်သုံးပုံ ရောက်ရှိသည့် သာသနာနှစ် ၄၅၀၊ နတ်တော်လဆန်း ၁
ရက်နေ့မှ စတင်ရေတွက်သည်ဟု သိရှိရပြီး ယခု ခရစ်နှစ် ၂၀၂၀ ပြည့်နှစ် (မြန်မာသက္ကရာဇ်
၁၃၈၂ ခုနှစ်) ရှမ်းသက္ကရာဇ် ၂၁၁၄ ခုမှ ၂၁၁၅ ခုနှစ်သို့ ကူးပြောင်းသည့်
နှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာလ ၁၄ ရက် တန်ဆောင်မုန်း လကွယ်ညဉ့် ၁၂ နာရီကျော်၍
နတ်တော်လဆန်း ၁ ရက်သို့ ကူးပြောင်းချိန်၌ သတ်မှတ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
.