ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ Quarantine
Center များတွင် အသွားအလာ ကန့်သတ်ထားသူများနှင့် ကုန်တင် ယာဉ်မောင်း၊
ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိရာ ယနေ့ ဒီဇင်ဘာလ ၇ ရက်စစ်ဆေးမှုတွင်
၈ ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.အဆိုပါ ပိုးတွေ့လူနာများမှာ တောင်ကြီးမြို့နယ်မှ
၂ ဦး၊ ကလောမြို့နယ်မှ ၃ ဦး၊ ရွာငံမြို့နယ်မှ ၁ ဦးနှင့် ပင်လောင်း မြို့နယ်မှ ၂ ဦးတို့ဖြစ်ပြီး
ပိုးတွေ့လူနာများကို သက်ဆိုင်ရာ ဆေးရုံများတွင် သီးခြားထားရှိ ဆေးကုသပေးလျက်ရှိကာ ၎င်းတို့နှင့်
ထိတွေ့ဆက်စပ်သူများကို ရှာဖွေဖော်ထုတ်၍ အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်လျက်
ရှိကြောင်း သိရသည်။
.
“ရွာငံက တစ်ယောက်ကတော့ ကုန်ကားစစ်တဲ့နေရာမှာ တွေ့တာပါ။
ကျန်တာကတော့ Quarantine ဝင်ထားတဲ့ သူတွေပါ” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရှမ်းပြည်နယ်သို့
ဝင်ရောက်လာသည့် မော်တော်ယဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ယာဉ်ပေါ်ပါလာသူများအား
မြို့နယ်အလိုက် သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များတွင် လည်းကောင်း၊ Quarantine
Center အသီးသီးတွင် ဝင်ရောက်နေသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်
လည်းကောင်း RDT Test Kit ဖြင့် COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
.