စုလှိုင်
.
လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဝမ်ယက် ခမ်းနားကျေးရွာအုပ်စုရှိ
လွယ်တောင်ကျေးရွာအား RCSS တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလအတွင်း ရွာလုံးကျွတ်
ပြောင်းရွှေ့ခိုင်းသဖြင့် ရွာဟောင်းသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်နေရသည်ဟု တအာင်း
(ပလောင်) အမျိုးသားပါတီ၊ မိုင်းကိုင်မြို့နယ် ဥက္ကဋ္ဌ မိုင်းနုမ်ဟန် ထံက သိရသည်။
.
.“ပြောင်းရွှေ့ခိုင်းတာ မှန်ပါတယ်။ ရွာကို သွားလည်တဲ့
အချိန်မှ သိရတာပါ။ သိသိချင်း ရွာကလည်း အကုန် ဖြိုဖျက် ပြီးပြီ။ ဘာမှမရှိတော့ဘူး။ ကူညီဖြေရှင်းပေးဖို့
တောင်းဆိုထားပေမဲ့လည်း သူတို့ရွာဟောင်း ရှိပြီးသားပဲလို့ ပြောတယ်။ အခုကျတော့
တောင်ယာလယ်ကွင်းနား ရောက်နေတော့ မြေရချင်တာပေါ့။ အဲဒီမှာ မြေလည်းကောင်းတယ်၊ သန့်တယ်။
လုပ်ကိုင်စားသောက်လာတာ နှစ်ပေါင်းလည်း မနည်းတော့ဘူး” ဟု မိုင်းနုမ်ဟန်က ကမ္ဘောဇတိုင်း
သို့ ပြောသည်။
.
ယခုအခါ COVID-19 ကပ်ရောဂါ ကာလ
ဖြစ်သည့်အတွက် ပြောင်းရွှေ့ရာတွင် အခက်အခဲများ ကြုံတွေ့ရသော်လည်း လက်နက်ကြောင့် ကြောက်လန့်ကာ
RCSS ၏ အမိန့်ကို မလွန်ဆန်နိုင်သဖြင့် မူလရွာဟောင်းသို့ ပြန်လည်ပြောင်းရွှေ့
ရခြင်းဖြစ်ပြီး ယင်းကဲ့သို့ စာပေမတတ်သည့် ကျေးရွာသားများကို နိုင်ထက်စီးနင်း ပြုလုပ်မှုသည်
လုံးဝမဖြစ်သင့် ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဝိုင်းဝန်းဖြေရှင်းပေးသင့်ကြောင်း
၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ RCSS/SSA မှ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်းခေးထံသို့ ဆက်သွယ်မေးမြန်းရာတွင် “RCSS
က ရွာလုံးကျွတ် ရွေ့ပြောင်းခိုင်းတာဆိုတာ လုံးဝမဟုတ်မှန်ဘူး။
ရွေ့ခိုင်းတာမျိုးလည်းမရှိဘူး။ ရွာလူကြီးရဲ့ ဆန္ဒ အတိုင်းပဲ၊ ရွာလူကြီးက အုပ်ချုပ်မှု
အဆင်ပြေအောင် ရွှေ့ခိုင်းတာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
လွယ်တောင်ကျေးရွာ ၂ ရွာကို ရွာမကြီး ဥက္ကဋ္ဌမှ အုပ်ချုပ်ပြီး
တစ်ရွာလျှင် အိမ်ခြေ ၂၀ မှ ၃၀ သာ ရှိသည့်အတွက် ကျေးရွာဥက္ကဋ္ဌက အုပ်ချုပ်၊ စီမံခန့်ခွဲမှု
ကိစ္စများတွင် အဆင်ပြေစေရန်အတွက် တစ်စုတစ်စည်းတည်း နေထိုင်ရန် ခေါ်ယူခြင်းဖြစ်ကြောင်း
ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်းခေးက ပြောသည်။
.
ထို့အတူ မိုင်းကိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်အား
ဆက်သွယ်မေးမြန်းရာတွင် ၎င်းထံသို့ တင်ပြလာခြင်း မရှိသည့်အတွက် မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
.
ပြောင်းရွှေ့ခံရသည့် လွယ်တောင်ကျေးရွာကို ၁၉၉၂ ခုနှစ်ကတည်းက
စတင်တည်ထောင်ကာ အခြေချ နေထိုင်ခဲ့ကြခြင်း ဖြစ်ပြီး ကျေးရွာတွင် အိမ်ခြေ ၃၀ ကျော်၊ လူဦးရေ
၃၀၀ ကျော် ရှိကြောင်း သိရသည်။
.