စုလှိုင်
.
တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/ကျောင်းသူများ၊ တောင်ကြီးအားမာန် လူမှုရေးအသင်းနှင့် မြတ်စေတနာ ပရဟိတအသင်းတို့ ပူးပေါင်း၍ တောင်ကြီးမြို့ပေါ်ရှိ Quarantine Center များတွင် အသွားအလာ ကန့်သတ်ထားသူများအား ထမင်းဘူး များ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
.
.“အဓိက ရည်ရွယ်ချက် ကတော့ တောင်ကြီးမြို့မှာ Quarantine
ဝင်နေသူတွေ စားသောက်ရေး အဆင်ပြေဖို့ပါ။ အခု လောလောဆယ်တော့ Center
အားလုံးကို မလှူနိုင်သေးဘူး။ ၅ ခု အထိပဲ လှူနိုင်သေးတယ်။ ရန်ပုံငွေတွေ၊
အလှူရှင် တွေ များလာရင် မြို့ပေါ်မှာရှိတဲ့ Quarantine Center အားလုံးကို လှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်” ဟု တောင်ကြီး တက္ကသိုလ်၊ အင်္ဂလိပ်စာဘာသာရပ်အထူးပြု
တတိယနှစ်ကျောင်းသား မောင်မျိုးလင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လှူဒါန်းမှုအစီအစဉ်ကို တောင်ကြီးမြို့၊ မင်္ဂလာဂူကျောင်းဆရာတော်မှ
ဦးဆောင်၍ တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသားများအဖွဲ့၊ တောင်ကြီးအားမာန်
လူမှုရေးအသင်းနှင့် မြတ်စေတနာ ပရဟိတအသင်း တို့ ပူးပေါင်းကာ အလှူရှင်များ၏ မတည်ငွေများဖြင့်
လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ လှူဒါန်းရာတွင် တောင်ကြီးမြို့၊ အထက
(၁)၊ (၂)၊ (၅)၊ (၈)၊ အလက (၁၀) ကျောင်းများရှိ Quarantine Center များတွင် အသွားအလာ ကန့်သတ်ထားသူများအား နေ့လယ်စာတစ်ကြိမ်၊ ညစာတစ်ကြိမ်၊ တစ်ရက်လျှင်
၂ ကြိမ်နှုန်းဖြင့် လှူဒါန်းခဲ့ရာ ၈ ရက်အတွင်း ထမင်းဘူး ၂၀၀၀ ကျော်၊ တန်ဖိုးငွေကျပ်
သိန်း ၂၀ ကျော် ကူညီထောက်ပံ့ လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.