ကမ္ဘောဇတိုင်း
.
တောင်ကြီးတက္ကသိုလ် Quarantine Center တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော အဓမ္မမှုမှ ကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း
တောင်ကြီးမြို့မရဲစခန်းမှ သိရသည်။
.
.“မမိသေးပါဘူး။ စုံစမ်းနေတုန်းပါပဲ” ဟု တောင်ကြီးမြို့မရဲစခန်းမှူး
ဒုရဲမှူး ထက်နိုင်ဟိန်း က ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ ညနေပိုင်းတွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အဓမ္မ ပြုကျင့်ခံရသူသည် မြဝတီဘက်မှ
ပြန်လာပြီးနောက် တောင်ကြီးတက္ကသိုလ်တွင် Quarantine ဝင်ရောက်နေသည့်
အမျိုးသမီး ဖြစ်ကာ Quarantine Center ရှိ အခန်းအတွင်း ဘုရား
ဝတ်ပြုနေစဉ် အရပ် ၅ ပေ ၃ လက်မခန့်၊ ဆံပင်တို၊ အင်္ကျီလက်ရှည်(အနက်)၊
ဘောင်းဘီ(အနက်) ဝတ်ဆင်ထားသော အမည်မသိ အမျိုးသားမှ အခန်းတွင်းသို့ ရောက်ရှိလာပြီး
အသင့်ယူဆောင်လာသော ဓားဖြင့် လည်းပင်းအား ထောက်၍ “မအော်နဲ့ တိတ်တိတ်နေ”ဟု ပြောကာ
အလိုမတူဘဲ အဓမ္မ ပြုကျင့်၍ “ အော်လျှင် သတ်ပစ်” မည်ဟု ခြိမ်းခြောက် ပြောဆိုကာ
ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မ
ပြုကျင့်သွားသော အမည်မသိ အမျိုးသားအား တောင်ကြီးမြို့မ ရဲစခန်းတွင် (ပ) ၅၉၇/၂၀၂၀၊
ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း
သိရသည်။
.
အဆိုပါ ဓါးထောက် မုဒိမ်းမှု ကျူးလွန်ခြင်းနှင့်
ပတ်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ဒေသအသီးသီးမှ
အရပ်ဘက်အဖွဲ့အစည်းများကလည်း နိုဝင်ဘာလ ၃၀ ရက်တွင် ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်
ကြေညာ ထားသည်ဟု သိရသည်။
.