ကမ္ဘောဇတိုင်း
.
တောင်ကြီးတက္ကသိုလ် Quarantine Center တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်၊ ညပိုင်းက ဖြစ်ပွားခဲ့သည့် အဓမ္မမှု နှင့်
ပတ်သက်၍ ကျူးလွန်သည်ဟု ယူဆရသူကို တောင်ကြီးမြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း
သိရသည်။
.
.“မသင်္ကာတရားခံကို ဖမ်းထားတယ်။ စစ်နေတယ်။ လိုအပ်တာတွေ
မေးမြန်းနေတယ်။ ဘယ်အဖွဲ့အစည်းက ဆိုတာမျိုး ပြောရင် မကောင်းဘူးလေ။ သိနေပြီမဟုတ်လား”
ဟု တောင်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူး ထက်နိုင်ဟိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဓမ္မ ပြုကျင့်ခံရသူသည် မြဝတီဘက်မှ
ပြန်လာပြီးနောက် တောင်ကြီးတက္ကသိုလ်တွင် Quarantine ဝင်ရောက်
ခဲ့သည့် ဟိုပုံးမြို့နယ်နေ အသက် ၃၃ နှစ်အရွယ် အမျိုးသမီး ဖြစ်ကာ Quarantine
Center ရှိ အခန်းအတွင်း ဘုရား ဝတ်ပြုနေစဉ် အမည်မသိ အမျိုးသားတစ်ဦးမှ
အခန်းတွင်းသို့ ရောက်ရှိလာပြီး အသင့်ယူဆောင်လာသော ဓားဖြင့် လည်းပင်းအား ထောက်၍ အလိုမတူဘဲ
အဓမ္မ ပြုကျင့်ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျူးလွန်ခံရသူ အမျိုးသမီးက
“ကျွန်မ ဘုရားရှိခိုးနေတုန်း တံခါးသံကြားလို့ နောက်ကို လှည့်ကြည့်လိုက်တော့ ရဲလို့ထင်လိုက်တယ်။
ဓါးမြင်တော့ ရဲလို့ မထင်တော့ဘူး။ ဓါးနဲ့ရွယ်တော့ ပိုက်ဆံ လိုချင်ရင် ယူသွား၊ ဘာမှမလုပ်ပါနဲ့လို့
ပြောလိုက်တယ်။ ပိုက်ဆံမလိုချင်ဘူးလို့ သူက ပြောတယ်။ သူက ဓါးနဲ့ရွယ်ပြီး လည်ပင်းကို
ညှစ်တော့ ကျွန်မလည်း အရှုံးခံလိုက်ရတယ်။ ပြီးတော့ ပိုက်ဆံ ၂ သောင်း၊ ၃ သောင်းလောက်
ယူသွားတယ်” ဟု ပြောသည်။
.
ထို့နောက် ၎င်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှ
နေ့စဉ် လာရောက်စစ်ဆေးမေးမြန်းခြင်း၊ ကျူးလွန်သူဟု ယူဆသူများကို ပြသခြင်းများ ပြုလုပ်ခဲ့ရာတွင်
ကျူးလွန်သူ မီးသတ်တပ်ဖွဲ့ဝင်ကို ၎င်းမှ ပြသပေးခဲ့သည်ဟု သိရသည်။
.
“မီးသတ်သမားကို ပြတော့ ဟုတ်တယ်။ အဲဒီလူ အခန်းကိုရှာတော့လည်း
ဓါးနဲ့ အဝတ်တွေတွေ့တယ်။ ဒါပေမဲ့ သူ့ကို တစ်ခါထဲ မဖမ်းသေးဘူး။ သူ့လူကြီးက မဖြစ်နိုင်ဘူးလို့
ပြောတယ်။ အထဲကလူ လုပ်တာဆိုတာကို မယုံဘူး။ အပြင် ကလူ လုပ်တာလို့ပဲ ပြောနေတယ်။ ကျွန်မအနေနဲ့
ရဲကို ပြန်ပြီး မေးချင်တယ်။ ကျွန်မ ရှိနေတုန်းကတော့ သူ့ကို ဖမ်းပြီလို့ ပြောတယ်။
ဖမ်းမိပြီဆိုရင်လည်း ထောင်ချ အရေးယူစေချင်တယ်။ အဲဒီလိုမျိုး
မလုပ်ရင်အမျိုးသမီးတွေရဲ့ ဘဝ၊ ကလေးတွေရဲ့ဘဝ သူများနိုင်ငံမှာ ဖြစ်ဖြစ်၊
ဒီနိုင်ငံမှာပဲ ဖြစ်ဖြစ် ထပ်ပြီးတော့ဖြစ်လာနိုင်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ Quarantine Center အတွင်း
အဓမ္မမှု ကျူးလွန်ခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြန်မာနိုင်ငံ
ဒေသအသီးသီးမှ အရပ်ဘက်အဖွဲ့အစည်း များကလည်း ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၃၀ ရက်တွင်
သဘောထားထုတ်ပြန် ကြေညာထားသည်။
.
ယင်းကဲ့သို့ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မ
ပြုကျင့်သွားသော အမျိုးသားအား တောင်ကြီး မြို့မရဲစခန်းတွင် (ပ) ၅၉၇/၂၀၂၀၊
ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.