ကမ္ဘောဇတိုင်း
.
တောင်ကြီးတက္ကသိုလ်ဝင်းအတွင်းရှိ Quarantine
Center တွင် ဖြစ်ပွားခဲ့သော ဓါးထောက် မုဒိမ်းမှု ကျူးလွန်ခြင်းနှင့်
ပတ်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ဒေသအသီးသီးမှ အရပ်ဘက်အဖွဲ့အစည်း
၃၀၀ ကျော်တို့က ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၃၀ ရက်တွင် သဘောထားထုတ်ပြန် ကြေညာခဲ့သည်ဟု
သိရသည်။
.
.COVID-19 ကပ်ရောဂါ ကာလတွင် အမျိုးသမီးများအား
နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ တိုးပွားလာနေသည့်အပြင် Quarantine စင်တာများမှ အမျိုးသမီး များ၏ ဘဝပါ အလွန်အမင်း လုံခြုံမှုကင်းမဲ့နေကြောင်း
Quarantine စင်တာများရှိ အမျိုးသမီးများ၏ လုံခြုံရေးနှင့်
ကျန်းမာရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များမှ လုံခြုံရေး တိုးမြှင့်ပေးရန်၊
မသက်ဆိုင်သူများ Quarantine Center အတွင်း
ဝင်ထွက်သွားလာခြင်းများကို စိစစ်နိုင်ရန် လိုအပ်လျက်ရှိပါကြောင်းနှင့် တောင်ကြီးမြို့အတွင်း
ရောဂါပြန့်နှံ့မှုများ လည်း ထိန်းချုပ်ရခက်သည့် အနေအထားအဖြစ် ရောက်ရှိသွားနိုင်ပြီး
Quarantine စင်တာ အဝင်မခံဘဲ မိမိဘာသာ ကုသသူများလည်း များပြား
လာနိုင်သည့်အတွက် ပြည်သူများမှ တာဝန်သိသိဖြင့် ရောဂါအစစ်ဆေးခံရန် Quarantine
Center ဝင်ရောက်ခြင်းကို တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့ ခဲ့ပြီး
လက်နက်ကိုင်ဆောင်အကြမ်းဖက် မုဒိမ်းကျင့်ခံ ရခဲ့ခြင်း အား ရှမ်းပြည်တောင်ပိုင်း အရပ်ဘက်အဖွဲ့
အစည်းများမှ အပြင်းအထန်ရှုံ့ချပါကြောင်း၊ ယခုကဲ့သို့ အမျိုးသမီးများ
ဘဝလုံခြုံမှုကို ထိခိုက်စေသော ဖြစ်ရပ်များဆက်လက် ဖြစ်ပေါ်ခြင်းမရှိစေရန် တာဝန်ရှိ
လူကြီးမင်းများမှ လုံခြံရေး တိုးမြှင့်ဆောင် ရွက်ပေးပါရန်နှင့် သက်ဆိုင်ရာ
ကျူးလွန်ခံရသော အမျိုးသမီးများ အတွက် လုံလောက်သာ ကျန်းမာရေး စောင့်ရှောက်မှု၊
လူမှုစီးပွား ကူညီထောက်ပံ့မှု နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ
ပြန်လည်ကောင်းမွန် လာသည် အထိ သက်ဆိုင်ရာမှ အလုံးစုံ ပြန်လည်တာဝန်ယူပေးပါရန်
ရှမ်းပြည်နယ်တောင်ပိုင်းအရပ်ဘက်အဖွဲ့ အစည်းများမှ တိုက်တွန်းတောင်းဆိုကြောင်း ကြေညာချက်
ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
“ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ ဆေးကုသမှု ခံယူဖို့
လာတဲ့ အမျိုးသမီးတစ်ဦးကို ဒီလို ကျူးလွန်သွားတယ် ဆိုတာကတော့ တော်တော်လေး တရားလွန်ပါတယ်။
အမျိုးသမီးတွေ အပေါ်မှာ ဘယ်လောက် အထိ အကြမ်းဖက်မှုနှုန်းတွေ များပြားနေသလဲဆိုတာ မီးမောင်းထိုးပြလိုက်တာပါ”
ဟု Legal Aid for Human Rights အဖွဲ့အစည်းမှ သော်တာဆွေက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ထုတ်ပြန်ကြေညာချက်ကို ရှမ်းပြည်နယ်တောင်ပိုင်းသာမက
မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံ့အပြားမှ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်နှင့် လူပုဂ္ဂိုလ်
၁၀၀၀ ကျော်မှ သဘောတူ လက်မှတ်ရေးထိုးထားပြီးဖြစ်ကာ ထပ်မံ၍လည်း အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များထံမှ
သဘောထားမှတ်ချက် ကောက်ယူနေဆဲဖြစ်သည်ဟု ၎င်းထံက သိရသည်။
.
တောင်ကြီးတက္ကသိုလ်ရှိ Quarantine Center တွင် အသွားအလာ ကန့်သတ်ထားသည့် အမျိုးသမီး တစ်ဦးသည် နိုဝင်ဘာလ ၂၉ ရက်၊
ညပိုင်းက ဓါးထောက် အဓမ္မ ပြုကျင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ အလိုမတူဘဲ
သားမယားအဖြစ် အဓမ္မ ပြုကျင့်သွားသော အမည်မသိ အမျိုးသားအား
တောင်ကြီး မြို့မရဲစခန်းတွင် (ပ) ၅၉၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍
ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.