ခွန်အောင် (နောင်တရား)
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊
ပေါ့အင်ကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာတွင် စိုက်ပျိုးထား သည့် ဆောင်းသီးနှံ ကြက်သွန်ဖြူများ
ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
.
.“ကြက်သွန်ဖြူစိုက်ခင်းကတော့ ကောင်းနေပြီ။
အခုကြက်သွန်ဈေးက ၈၀၀ နဲ့ ၁၀၀၀ ကြားမှာရှိတယ်။ ဒီနှစ် ဘာပဲ စိုက်စိုက်
ဈေးကောင်းသိပ်မရဘူး။ ကြက်သွန်ဖြူကို အစို ၁၅၀၀ နဲ့ ရောင်းရမှ အမြတ်ကျန်တယ်။ အခြောက်
ဆိုရင်တော့ ၂၀၀၀ ကျော်မှ အမြတ်ကျန်တယ်” ဟု ဘုရားဖြူကျေးရွာမှ
ကြက်သွန်ဖြူစိုက်တောင်သူ ဒေါ်ဒုတ်ချောက ပြောသည်။
.
ကြက်သွန်ဖြူသည် ဆောင်းသီးနှံဖြစ်သော်လည်း ရေသွင်း
စိုက်ပျိုးရခြင်းကြောင့် ကုန်ကျစရိတ်ကြီးမားကာ တစ်ဧက လျှင် စိုက်ပျိုးစရိတ် ကျပ်သိန်း
၃၀ ခန့် ကုန်ကျကြောင်း သိရသည်။
.
ပင်လောင်းမြို့နယ်အတွင်း ကြက်သွန်ဖြူကို
ဘီးလူးချောင်းအနီးတစ်ဝိုက်တွင် စိုက်ပျိုးကြပြီး အချို့တောင်သူများက
အဝီစိတွင်းများတူး၍ စိုက်ပျိုးကြကြောင်းသိရသည်။
.
ပင်လောင်းမြို့နယ်မှ တောင်သူများအနေဖြင့် အာလူး၊
ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း၊ ဂျင်း၊ အစေ့ထုတ်ပြောင်း၊ ဥယျာဉ်ခြံ များကို စိုက်ပျိုးကြပြီး
ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူကို အများအပြား စိုက်ပျိုးကြခြင်းဖြစ်ကြောင်း သိရသည်။
.