မင်းဇော်မင်း
.
ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်တွင် ယနေ့ ဒီဇင်ဘာလ
၆ ရက်၊ နံနက်ပိုင်းက ရှမ်းချယ်ရီ အမျိုးသမီးပရဟိတဂေဟာ အဆောက်အဦ ဆောက်လုပ်ရန်အတွက် ပန္နက်ချအခမ်းအနား
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.ရှမ်းချယ်ရီ အမျိုးသမီး ပရဟိတဂေဟာ အဆောက်အဦ ဆောက်လုပ်ရန်အတွက်
ကျိုင်းတုံမြို့နယ်စီမံခန့်ခွဲမှုကော်မတီ မှ မြေနေရာ ပေးအပ်သဖြင့် စေတနာရှင်များ၏ အလှူထည့်ဝင်ငွေဖြင့်
တည်ဆောက်ရန် အုတ်မြစ်ချခြင်းဖြစ်ကြောင်း ယင်းဂေဟာ ဥက္ကဋ္ဌဖြစ်သူ စိုင်းထွန်းအေးက ထံက
သိရသည်။
.
“အရင်က ကျိုင်းကောင်းဟော်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့
၄ နှစ်လောက် အခမဲ့ နေခဲ့ရပေမဲ့ နောက်ပိုင်း ပိုင်ရှင်ရဲ့ လိုအပ် ချက်အရ တခြားနေရာမှာ
တစ်လ ၂ သိန်းခွဲနဲ့ ငှားနေရတော့ ရေရှည်မှာ အခက်အခဲ ဖြစ်လာတဲ့အပေါ် အုပ်ချုပ်ရေးမှူး
တွေက မြေပေးတာမှာ ဒီအဆောက်အဦကို စေတနာရှင်တွေရဲ့ အလှူငွေတွေနဲ့ ဆောက်လုပ်ဖြစ်တာပါ”
ဟု စိုင်းထွန်းအေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဆောက်လုပ်မည့် ဂေဟာအဆောက်အဦမှာ အလျား ၇၀ ပေ၊ အနံ
၂၀ ပေရှိ RC ၂ ထပ် အဆောက်အဦဖြစ်ပြီး လာမည့် မတ်လကုန်တွင် အပြီးတည်ဆောက်ရန်
လျာထားကြောင်း သိရသည်။
.
အဆိုပါ အဆောက်အဦ၏ ကုန်ကျစရိတ်မှာ ကျပ်သိန်း ၈၀၀ ခန့်
ရှိမည်ဟု ခန့်မှန်းထားပြီး ရှမ်းနွေမိုးဆောင်း ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
ရှမ်းချယ်ရီပရဟိတဂေဟာကို ၂၀၁၆ ခုနှစ်၊ မေလ ၂၆ ရက်
က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မိဘမစုံ၊ အားကိုးရာမဲ့ အမျိုးသမီးများကို
အသက်အရွယ်မရွေး အခမဲ့အလုံးစုံကူညီထောက်ပံ့နေသော ဂေဟာဖြစ်ကာ ပညာရေးကဏ္ဍတွင်
သူငယ်တန်းမှ တက္ကသိုလ်အထိတက်ရောက်နေသူများရှိနေပြီး ၎င်းတို့၏ ဘဝပြည့်စုံသည်အထိ
ကူညီစောင့် ရှောက်ပေးနေခြင်းဖြစ်ကြောင်းသိရသည်။
.
လက်ရှိတွင် ရှမ်းချယ်ရီပရဟိတဂေဟာ၌ ခိုလှုံနေသူ ၃၇
ဦးရှိပြီး ယခင်က အများဆုံး ၄၇ ဦးအထိ လက်ခံထားရှိခဲ့ကာ ဂေဟာတွင် ရှမ်း၊ လားဟူ၊
ရခိုင်၊ ဗမာ၊ အာခါ၊ လွယ် စသည့် တိုင်းရင်းသားလူမျိုးစုံရှိနေကြောင်း သိရသည်။
.
No comments:
Post a Comment