နမ့်စန်တွင် One State TEN Township အစီအစဉ်အရ လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ကွင်းဆင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်တွင် One State TEN Township အစီအစဉ်အရ လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ကွင်းဆင်း

မင်းဇော်မင်း

.

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် One State TEN Township အစီအစဉ်တွင် ပါဝင်သည့် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် အခြေခံအဆောက် အဦများအား ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

.

.

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ ခုတွင် ကျပ်သန်း ၃၀၀ ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများဖြစ်သော မြို့သန့်ရှင်း သာယာလှပရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် အခြေခံပညာကျောင်း လိုအပ်ချက်များ ဖြည့်ဆည်းရေးတို့ကို ကဏ္ဍ အလိုက် လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ နမ့်စန်မြို့တွင် ဒီဇင်ဘာလ ၂၂ ရက်က ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၂၃ ရက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“ပထမတော့ ၆ မြို့နယ် သတ်မှတ်တာကနေ ၁၀ မြို့နယ် ဖြစ်လာပါတယ်။ မိုင်းယန်းက မိုင်းခတ်နဲ့တွဲပြီး လုပ်ရမှာ ဆိုတော့ ၁၁ မြို့နယ် ဖြစ်သွားတယ်။ အဓိက ကတော့ ကဏ္ဍအလိုက် ဆောင်ရွက်နိုင်စွမ်းအတွက် နမ့်စန်အနေနဲ့ အားလုံးပူးပေါင်း ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်” ဟု နမ့်စန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ အစီအစဉ်အရ လာမည့်နှစ်တွင် နမ့်စန်မြို့မှ ခိုလမ်အထွက် ကွန်ကရစ်ကတ္တရာ AC ခင်းပါက ရေနုတ်မြောင်း များ ဆောင်ရွက်မည့် လမ်းနှင့်အကွာအဝေး၊ မြို့တွင်းမင်းလမ်းမကြီးခင်းပါက ပလက်ဖောင်းများ၊ ရေနုတ်မြောင်းများ တည်ဆောက်ရေး၊ နမ့်စန်မြို့ဦးကျောင်းရှေ့တွင်ပြုလုပ်ထားသည့် Namsang Warmly Welcome ဆိုင်းဘုတ်ရှေ့ ကြွေပြားခင်းရန်နှင့် ဘေးတွင် ရေပန်းအလှတပ်ဆင်ရန်၊ မြို့အဝင် ကြိုဆိုပါ၏ဆိုင်းဘုတ် ပြုလုပ်ရန်မြေ နေရာများ၊ မီးရထားဘူတာအခြေအနေ၊ ဌာနဆိုင်ရာရုံးအသစ်နှင့် မူးယစ်ဆေးစွဲလူငယ်ဆေးဖြတ်လေ့ကျင့်ရေးရုံး မြေနေရာများကို မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“မြို့နယ်ခန်းမမှာလည်း ကားပါကင်နဲ့ ရေပန်းလုပ်ဖို့ရှိပါမယ်။ ပြီးတော့ မြို့ထဲသန့်ရှင်းပေမဲ့ မြို့ပြင်ကို အမှိုက်တွေ စည်းကမ်းမဲ့ပစ်တာမျိုးမလုပ်ဘဲ စည်ပင်အမှိုက်ကားနဲ့ပဲ စွန့်ပစ်ကြဖို့၊ နမ့်စန်ကို ဖြတ်သန်းသွားလာနေကြတဲ့ ခရီးသည်တွေ အနေနဲ့လည်း အမှိုက်ကို မြို့ထဲတွေ့ရာနေရာတွေ မပစ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု နမ့်စန်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးက ပြောသည်။

.

နမ့်စန်မြို့၏ မိုးနဲဘက်နှင့် လွိုင်လင်မြို့ဘက်အထွက်များတွင် ကြိုဆိုပါ၏ ဆိုင်းဘုတ်များပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းထံက သိရသည်။

.

ထို့အတူ နမ့်စန်မြို့၊ ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကောင်းမြတ်သူ ကလည်း “မိသားစုအခြေပြု လူငယ်တွေရဲ့ ဘဝမြှင့်တင်နိုင်ဖို့ အသင်းဖွဲ့ပြီး မူးယစ်ဆေးဝါးပပျောက်ရေးကို ဆောင်ရွက်နေ ပါတယ်။ ရုံးနေရာကို ဌာနဆိုင်ရာများဦးဆောင်ပြီး ရွေးချယ်ပေးပါတယ်။ မူးယစ်ဆေးစွဲလူငယ်တွေကို လူသားချင်း စာနာစိတ်အပြည့်အဝနဲ့ လူကောင်းပြန်ဖြစ်အောင်၊ လူငယ်တွေ အသိမမှားအောင်၊ လမ်းလွဲမရောက်အောင် အားလုံး အားတက်သရောလုပ်ဆောင်နေပါတယ်” ဟု ပြောဆိုခဲ့သည်။

.

လက်ရှိတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းအကူအညီဖြင့် မူးယစ်ဆေးစွဲလူငယ်များအား နှစ်သိမ့် ဆွေးနွေးပညာပေးမှုများပြုလုပ်လျက်ရှိကြောင်းနှင့် အဆိုပါရုံးကို နမ့်စန်မြို့ ရပ်ကွက် (၅) ရှိ ဆေးရုံဟောင်းဝင်း အတွင်း တည်ဆောက်သွားရန် လျာထားကြောင်း သိရသည်။

.

ရှမ်းပြည်နယ်အစိုးရ၏ One state TEN Township အစီအစဉ်တွင်ပါဝင်သည့် မြို့နယ်များမှာ နမ့်စန်၊ ရပ်စောက်၊ ဆီဆိုင်၊ ကွတ်ခိုင်၊ တန့်ယန်း၊ မိုင်းယန်း၊ သီပေါ၊ ကျေးသီး၊ မန်တုံ ၊ မိုင်းဆတ် မြို့နယ်တို့ဖြစ်ပြီး မိုင်းယန်း၏ အစီအစဉ်တွင် မိုင်းခတ်ကို မျှဝေသုံးစွဲရန်ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats