ညောင်ရွှေ-အင်းတိန်သွားလမ်းတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်ယာဉ်မောင်း သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, December 5, 2020

ညောင်ရွှေ-အင်းတိန်သွားလမ်းတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်ယာဉ်မောင်း သေဆုံး

စုလှိုင်

.

ညောင်ရွှေမြို့နယ်၊ လွယ်မောကျေးရွာအနီး၊ ညောင်ရွှေ-အင်းတိန်သွား ကားလမ်းပေါ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်၊ နေ့လယ်ပိုင်းက မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရသည်။

.

Photo - Lay Nge

.

“ယာဉ်တိုက်မှုဖြစ်တာ ဟုတ်ပါတယ်။ သေတဲ့သူက လမ်းရဲ့ တစ်ဘက်ကို ကျော်တက်တာ။ လောလောဆယ်တော့ သေတဲ့သူကော၊ ကားသမားကော ၂ ယောက်လုံးကို အမှုဖွင့်ထားပါတယ်” ဟု နန်းပန်နယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်ကျော်ဘိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ညောင်‌ရွှေမြို့နယ်၊ ရွာမကျေးရွာနေ ထက်နောင် မောင်းနှင်ပြီး နောက်တွင် သိန်းထိုက်အောင် လိုက်ပါစီးနင်းလာသော မော်တော်ဆိုင်ကယ်သည် ဒီဇင်ဘာလ ၄ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ညောင်ရွှေ-အင်းတိန်ကားလမ်းအတိုင်း မောင်းနှင်လာစဉ် လွယ်မောကျေးရွာအနီး အရောက်တွင် ရှေ့မှ မောင်းနှင်နေသော မော်တော်ယာဉ်အား ကျော်တက်ရာ မျက်နှာချင်းဆိုင်မှ ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာနေ ဦးစိန်မောင် မောင်းနှင်လာသော Nissan Light Truck အမျိုးအစား အဖြူရောင်ယာဉ်နှင့် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ထက်နောင်တွင် ဦးခေါင်းဝဲဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲပါးပေါက်ပြဲဒဏ်ရာ၊ ပါးစပ်သွေး ထွက်ဒဏ်ရာများ ရရှိပြီး သေဆုံးခဲ့ကာ နောက်မှ လိုက်ပါစီးနင်းလာသူ သိန်းထိုက်အောင်တွင် ရင်ဘတ်နာကျင်ဒဏ်ရာ၊ ဝဲတံတောင်ပွန်း၊ ဝဲဒူးပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး မိမိကိုယ်တိုင်နှင့် သူတစ်ပါးအား ထိခိုက်ဒဏ်ရာရ သေဆုံးစေသူ မော်တော်ယာဉ်မောင်း ဦးစိန်မောင်နှင့် ဆိုင်ကယ်ယာဉ်မောင်း ထက်နောင်တို့ ၂ ဦးအား နန်းပန်မြို့မရဲစခန်းတွင် ယာဉ် (ပ) ၁၁/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats