မင်းဇော်မင်း
.
လူငယ်ဘဝမြှင့်တင်ရေးအသင်း (နမ့်စန်) Youth Development Association ဖွဲ့စည်းမှု ပထမအကြိမ်အစည်းအဝေးကို
ယနေ့ ဒီဇင်ဘာလ ၂၉ ရက်၊ နေ့လယ်ပိုင်းက နမ့်စန်မြို့၊ ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်း
အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ပြီး အဝေးမှ တက်ရောက်သူများက အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့သည်ဟု
သိရသည်။
.
.“အစိုးရရဲ့ ပံ့ပိုးမှုနဲ့ နမ့်စန်မှာ လူငယ်ဘဝမြှင့်တင်ရေးစင်တာတစ်ခု
ဖြစ်လာဖို့ ကြိုးစားသွားရမှာ ဖြစ်သလို မူးယစ်နွံ နစ်နေတဲ့ လူငယ်၊ လူရွယ်တွေကို တတ်စွမ်းသမျှ
စည်းရုံးပြီး မူးယစ်ကင်းစင်တဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်အောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ပါတယ်”
ဟု လူငယ်ဖွံ့ဖြိုးရေးအသင်း (နမ့်စန်) ဥက္ကဋ္ဌဖြစ်သူ ကောင်းမြတ်ကိုယ်ပိုင် အထက်တန်းကျောင်းမှ
ကျောင်းအုပ်ကြီး ဦးကောင်းမြတ်သူက အဆိုပါအစည်းအဝေးတွင် ပြောဆိုခဲ့သည်။
.
ထိုသို့ ဆောင်ရွက်ရာတွင် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊
လူငယ်တွေ့ဆုံပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ မူးယစ် ဆေးကင်းစင်သည့် လူငယ်တစ်ဦးချင်းစီကို
မူးယစ်ကင်းစင်တံဆိပ်နှင့် လက်မှတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း
သိရသည်။
.
လူငယ်ဘဝမြှင့်တင်ရေးအသင်း (နမ့်စန်) အနေဖြင့် မူးယစ်ဆေးစွဲလူငယ်များအား
ကျန်းမာရေးဝန်ဆောင်မှုပေးခြင်း၊ ဘဝထူထောင်ရေး ကိစ္စရပ်များကူညီပေးခြင်း၊
မူးယစ်ဆေးဝါးသုံးစွဲခြင်းမပြုသေးသော မျိုးဆက်သစ်လူငယ်များ မူးယစ် ဆေးဝါးသုံးစွဲ မှုမဖြစ်ပေါ်လာစေရေး
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်ပြီး
မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ၏ လုပ်ငန်းတာဝန်များ
အကောင်အထည် ဖော်ရာတွင် ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါအသင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ၊
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဆရာဝန်ကြီး၊ မြို့မိမြို့ဖ တစ်ဦးတို့က
နာယကအဖြစ် ဆောင်ရွက်ပြီး စာပေနှင့် သတင်းမီဒီယာလောကမှ လုပ်ငန်းဆိုင်ရာအကြံပေးပုဂ္ဂိုလ်
၂ ဦး၊ ကျန်းမာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ၂ ဦးအဖြစ် စိတ်ရောဂါအထူးကုဆရာဝန်ကြီး တစ်ဦးနှင့်
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအသင်း၏ ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံ ဆရာဝန်တစ်ဦး၊ အသင်းဥက္ကဌအပါအဝင်
စုစုပေါင်း ၂၂ ဦး ဖြင့် ဖွဲ့စည်း ထားပြီး အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထား
ဆဲဖြစ်ကြောင်း သိရသည်။
.
လုပ်ငန်းဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် အသင်းတွင်
ပါဝင်သူ သတင်းစာဆရာ ဦးမင်းဇော်မင်းက “ဆေးမစွဲခင်သာ လူငယ်တွေကို စည်းရုံးနိုင်မယ်ဆိုရင်
မူးယစ်နွံ အဆိုးဘုံကို လူငယ်တွေ မရောက်နိုင်ဘူး။ ရောက်ပြီးသွားရင်တော့ အရှင်ထွက်တာထက်
အသေထွက်ကများတယ်။ ဆေးစွဲသူ တစ်သိန်းမှာ ဆေးပြတ်သူ တစ်ဦးလောက်သာ ရနိုင်မယ့် အခြေအနေကို
မြှင့်တင်ပေးဖို့၊ ဆေးပြတ်သူကိုလည်း လူ့အသိုင်းအဝန်းက နွေးထွေးစွာကြိုဆိုပြီး
ဘဝရပ်တည် နိုင်စွမ်းရှိအောင် ပြုလုပ်နိုင်ဖို့ အင်မတန်ကို ကြိုးပမ်းကြရပါလိမ့်မယ်”ဟု
အကြံပြုပြောကြားခဲ့သည်။
.
အစည်းအဝေးတွင် တက်ရောက်သူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီး
အသင်းတွင် ပါဝင်လုပ်ဆောင်ရသည့် ခံယူချက်၊ ရည်ရွယ်ချက်များနှင့် အကြံပြုချက်များကို
ဆွေးနွေးပြောဆိုခဲ့ကြကြောင်း သိရသည်။
.