နမ့်စန်တွင် နှစ် ၆၀ ကျော်ကြာ သက်တမ်းရှိ ရေပေးကန်အား ပြန်လည် ပြုပြင်ကာ ဆပ်မိန်းမီတာစနစ်ဖြင့် ရေပေးဝေမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

နမ့်စန်တွင် နှစ် ၆၀ ကျော်ကြာ သက်တမ်းရှိ ရေပေးကန်အား ပြန်လည် ပြုပြင်ကာ ဆပ်မိန်းမီတာစနစ်ဖြင့် ရေပေးဝေမည်

မင်းဇော်မင်း

.

နမ့်စန်မြို့ပေါ် ရပ်ကွက်များအား ရေပေးဝေနေသည့် အနှစ် ၆၀ ကျော်ကြာ သက်တမ်းရှိ အစ္စရေးနိုင်ငံသားများ ပြုလုပ်ခဲ့သည့် ရေပေးကန်အား ပြန်လည် ပြုပြင်ကာ ဆပ်မိန်းမီတာ စနစ်ဖြင့် မကြာခင်တွင် ရေပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

.



အဆိုပါရေကန်၏ ပိုက်များမှာ ဆွေးမြည့်နေပြီဖြစ်သဖြင့် တိုက်ရိုက် ရေပေးဝေရာတွင် အနည်အနှစ်များ ပါ၀င်လာသည့်အပြင် ရေပေးဝေးမှု အချိုးအစား မညီမျှမှု ဖြစ်ပေါ်နေမှုကို ပြန်လည်ပြုပြင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နမ့်စန်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးထံမှ သိရသည်။

.

" စည်ပင်ရေ ယူထားတဲ့အိမ်က ၆၀၀ လောက်ပဲ ရှိတာ၊ အဲဒါမှာ ရေ မရပါဘူးတိုင်တာတွေ ရှိလာနေတော့ ရေကန်ကြီးက တိုက်ရိုက်ပေးဝေတဲ့ စနစ်အစား ဆပ်မိန်းမီတာနဲ့ အညီအမျှ ပေးနိုင်ဖို့ ကန်ကြီးကို ပြုပြင်နေတာပါ။"ဟု ဦးအောင်နိုင်ဦးက

ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ရေပေးဝေကန်မှာ နမ့်စန်မြို့၊အမှတ်(၅) ရပ်ကွက်ရှိ ဘုရားကုန်းတွင် ၁၉၅၈ ခုနှစ်က ပြည်သူ့လုပ်ငန်း နေရာချထားရေးအဖွဲ့(ပလဖ)မှ အစ္စရေးနိုင်ငံသားများက တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ရေကန်  ၂ ဆင့်အပြင် နုန်းစစ်ကန်၊ အနည်စစ်ကန်များ ရှိခဲ့သော်လည်း နှစ်ကြာမြင့်လာသဖြင့် ရေပေးဝေရေး ပိုက်များ ပျက်စီးဆွေးမြေ့လာမှုကြောင့် တိုက်ရိုက် ရေပေးဝေရာတွင် သုံးရေအတွင်း အနည်အနှစ်များ ပါ​​နေသည့်အပြင် ရေပေးဝေမှု မညီမျှမှုများ ဖြစ်ပေါ်​နေခြင်း ဖြစ်သည်ဟု သိရသည်။

.

ယင်း ရေကန်မှာ ရေဂါလံ ၂၄၀၀၀ ဆံ့ပြီး ပြန်လည် ပြင်ဆင်ပြီးပါက စည်ပင်သာယာ​ရေးဌာန သတ်မှတ်ချက်အရ အိမ်ထောင်စု တစ်စုလျှင် ပျှမ်းမျှ ၅ ဦးနှုန်းဖြင့် အိမ်ထောင်စု ၂၄၀၀ ခန့်ကို ညီမျှစွာ ရေ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်​ကြောင်း သိရသည်။

.

ရေကန် ပြုပြင်နိုင်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ(MOI) ခေါ်ယူထားရှိသော်လည်း COVID-19 ကာလ အခြေအနေကြောင့် ကြန့်ကြာမှု ဖြစ်ပေါ်​နေကာ လက်ရှိတွင် ဌာနရန်ပုံငွေဖြင့် အကုန်ကျခံ ပြုပြင်နေရ​ကြောင်းလည်း သိရသည်။

.

ဆပ်မိန်း မီတာများကို နမ့်စန်မြို့ပေါ် ရပ်ကွက် ၅ ခုတွင် တပ်ဆင်ရန် မြေပြင် အနိမ့်အမြင့် အကွာအဝေးအပေါ်  မူတည် တိုင်းတာ၍ ဆပ်မိန်းကန်တစ်ခုလျှင် အိမ်ထောင်စု  ၂၀ စီ အတွက် ရေပိုက်များ တပ်ဆင်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

Journal Download

Photo of three cats