မင်းဇော်မင်း
.
နမ္မတူမြို့နယ်၊ နမ့်ပိုင်ကျေးရွာအနီးတွင် ဒီဇင်ဘာလ
၁၀ ရက်၊ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် RCSS နှင့် TNLA၊ SSPP ပူးပေါင်းအဖွဲ့များ၏ တိုက်ပွဲကြောင့် ဒေသခံပြည်သူ
၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
.
.“တိုက်ပွဲက ညနေပိုင်းဖြစ်တာပါ။ ဟိုဘက်ဒီဘက် တောင်ကုန်းကနေ
လက်နက်ကြီးပစ်တော့ ရွာထဲကျပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၃ ဦး အစတွေ မှန်တာပါ။
မစိုးရိမ်ရပါဘူး။ မေတ္တာရှင်လူမှုကူညီရေးအသင်းက လူနာတွေ လာသယ်တာ ည ၈ နာရီလောက်မှ ရောက်ပါတယ်။
ဒီနေ့မနက်တော့ လူနာအားလုံး အခြေအနေ ကောင်းပါတယ်” ဟု နမ္မတူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ
တပ်ရင်းမှူး ဦးဝင်းကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ထိခိုက်ဒဏ်ရာရ လူနာများအား ICRC မှ ထောက်ပံ့သည့် အမျိုးသမီး တစ်ကိုယ်ရေသုံး Kit များကို
နမ္မတူ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ သွားရောက်ထောက်ပံ့ခဲ့ပြီး ဌာနဆိုင်ရာနှင့် လူမှုအဖွဲ့အစည်းများကလည်း
လာရောက် ကြည့်ရှုအားပေး ထောက်ပံ့လျက်ရှိကြောင်း သိရသည်။
.
လက်နက်ကြီးကျည် ကျရောက်မှုကြောင့် နမ့်ပိုင်ကျေးရွာမှ
တစ်အိမ်တည်းနေ ဒေါ်အေးနန်းတွင် ဝဲပုခုံးနှင့် ယာဘက်ခါး၊ ကိုယ်ဝန် ၃ လ ရှိသူ
နန်းအေးမွန်တွင် ဝဲပခုံး၊ မောင်အောင်လတွင် ယာဘက်ခြေသလုံး၊ ယာပေါင်တို့၌ ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး
အခြားအိမ်တွင်နေထိုင်သူ ဒေါ်အေးနုတွင် ယာနားရွက်နောက်ဘက်တွင်
ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲမှာ ဒီဇင်ဘာလ ၁၀ ရက်၊ ညနေ ၄ နာရီခွဲကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
လူနာများကို ည ၇ နာရီခန့်တွင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(နမ္မတူ)နှင့်
မေတ္တာရှင်နာရေးကူညီမှုအသင်းမှ သွားရောက်ခေါ်ဆောင်ခဲ့ရာ ည ၇ နာရီ ၅၀ မိနစ်တွင်
ဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှုခံယူနေကြကြောင်းသိရှိ ရပါသည်။
.
TNLA နှင့် SSPP ပူးပေါင်းအဖွဲ့နှင့်
RCSS တို့သည် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် နမ္မတူမြို့၊
နားကျဲကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၁၀ ရက် ၊
ညနေပိုင်းတွင်နမ့် ပိုင်ကျေးရွာအနီး၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
တိုက်ပွဲဖြစ်ပွားသည့် နမ့်ပိုင်ကျေးရွာသည် နမ္မတူမြို့အရှေ့ဘက်
မိုင် ၃၀ ကျော်အကွာတွင်တည်ရှိပြီး ယင်းကျေးရွာမှ အနောက်ဘက် ၁၈ မိုင်ခန့်အကွာရှိ
မန်စံကျေးရွာဘုန်းကြီးကျောင်းတွင် တိုက်ပွဲရှောင်ပြည်သူ ၂၀၀ ကျော် တိုက်ပွဲရှောင် ခိုလှုံနေဆဲဖြစ်ကြောင်း
သိရသည်။
.