စောဦး (ရတနာမြေ)
.
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မန်စံကျေးရွာနှင့်
ပန်ချင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီရောက်ရှိ ခိုလှုံနေကြသည့် တိုက်ပွဲရှောင်ပြည်သူများအား
ဒီဇင်ဘာလ ၁၅ ရက်က နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ဖိုးရိက္ခာငွေများ
သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်ဟု သိရသည်။
.
.ထိုသို့ ပေးအပ်ရာတွင် နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ
တာဝန်ခံဒေါ်မြတ်သူနှင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက
နမ္မတူမြို့နယ် မန်စံကျေးရွာနှင့် ပန်ချင်ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ
နားဆိုင်းကျေးရွာအုပ်စု နမ့်ပိုင်၊ ပိန်းထွမ် ကျေးရွာ၊
နမ့်တောင်ကုန်းကျေးရွာအုပ်စုရှိ နားကျဲ၊ နားကျိုင်းကျေးရွာ၊ ပန်ချင်ကျေးရွာအုပ်စု
ပိန်းလုံ၊ ကွန်းကျောင်း ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူများအား မန်စံကျေးရွာ၊
ရွှေစကားဝါမြေ ဘုန်းတော်ကြီးကျောင်း၌ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထောက်ပံ့မှုတွင် တိုက်ပွဲရှောင် အိမ်ထောင်စု
၁၁၃ စုမှ ကျား ၁၁၇ ဦး၊ မ ၂၂၂ ဦး၊ စုစုပေါင်း ၃၃၉ ဦး အတွက် ရက်သတ္တတစ်ပတ်စာ
ဆန်ရိက္ခာဖိုးငွေ တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၇၁၁၉၀၀ ကျပ်အား
ပေးအပ်ခဲ့သည်ဟု သိရသည်။
.