မင်းဇော်မင်း
.
နမ္မတူမြို့နယ်၊ နားကျဲကျေးရွာအနီးတွင် ယနေ့ ဒီဇင်ဘာလ
၉ ရက်၊ နံနက်ပိုင်းက စတင်၍ RCSS နှင့် TNLA၊ SSPP ပူးပေါင်းအဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုများကြောင့်
ဒေသခံ ၁၀၀ ကျော်သည် မန်စံကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ တိုက်ပွဲ ရှောင် ခိုလှုံရောက်ရှိနေသည်ဟု
သိရသည်။
.
.
အဆိုပါ တိုက်ပွဲရှောင်များမှာ နမ္မတူမြို့နယ်၊ နားကျဲ၊
နားကျိုင်း၊ ကွန်ကျောင်းနှင့် ပိန်းလုံကျေးရွာများမှ လာရောက်ခြင်း ဖြစ်ပြီး မန်စံကျေးရွာ၊
ရွှေစကားဝါဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခိုလှုံနေခြင်းဖြစ်သည်ဟု သိရသည်။
.
“အခု သူတို့ (တိုက်ပွဲရှောင်) တွေကို ထောက်ပံ့ရေးပစ္စည်းတွေ
ဝေနေပါတယ်” ဟု တိုက်ပွဲရှောင်များအား သွားရောက် ကူညီနေသည့် JMC-S မှ တိုက်ပွဲရှောင်ကူညီရေး အဖွဲ့ဝင် ဒေါ်ခမ်းမီက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တိုက်ပွဲမှာ ဒီဇင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် ၂
ကြိမ်ခန့် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“TNLA တစ်ဖွဲ့တည်း မဟုတ်ပါဘူး။
SSPP နဲ့ ၂ ဖွဲ့ ပေါင်းတိုက်တာလို့ သိရပါတယ်။ ဒီဘက်မှာတော့ အထိအခိုက်
မရှိ ပါဘူး။ သူတို့က တိုက်ပွဲအတု ပုံစံမျိုး ပုံဖော်ပစ်နေတာပါ။ ဘုန်းကြီးကျောင်းဝင်းထဲကနေ
ပစ်ခဲ့တာပါ။ အခုတော့ သူတို့ ဆုတ်သွားပြီလို့ သွားပြီလို့ သိရတယ်” ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်
(RCSS/SSA) မှ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်းခေးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ TNLA နှင့် SSPP ဆက်ဆံရေးမှူးများထံသို့ ဆက်သွယ်မေးမြန်းအတည်ပြုနိုင်ရန်
ကြိုးပမ်း ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ချေ။
.
မန်စံကျေးရွာသည် နမ္မတူမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်
အကွာတွင် တည်ရှိပြီး တိုက်ပွဲဖြစ်ပွားနေသည့် နားကျဲကျေးရွာ နှင့် ၈ မိုင်ခန့်အကွာတွင်
တည်ရှိကြောင်း သိရသည်။
.
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်ကလည်း သီပေါမြို့နယ်၊
မိုးတေကျေးရွာအုပ်စု၊ နမ့်ကန်းကျေးရွာအနီးတွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း
၂ ခုဖြစ်သော RCSS နှင့် SSPP တို့ ၅ မိနစ်ကြာ
ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
.
အဆိုပါ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ခုသည်
ရှမ်းပြည်လူထု၏ တောင်းဆိုချက်အရ ၂၀၁၉ ခုနှစ်၊ မေလ ၁၁ ရက်က ပူးတွဲ အပစ်အခတ်ရပ်စဲရေး
ကြေညာထားသည့် အဖွဲ့အစည်းများဖြစ်သည်။
.
No comments:
Post a Comment