နမ္မတူမြို့နယ်မှ တိုက်ပွဲရှောင် အချို့ နေရပ် ပြန်သော်လည်း ထပ်မံ ရောက်ရှိသူများ ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, December 12, 2020

နမ္မတူမြို့နယ်မှ တိုက်ပွဲရှောင် အချို့ နေရပ် ပြန်သော်လည်း ထပ်မံ ရောက်ရှိသူများ ရှိနေ

မင်းဇော်မင်း

.


 

နမ္မတူမြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မန်စံဘုန်းကြီးကျောင်းသို့ တိုက်ပွဲရှောင် ခိုလှုံရောက်ရှိနေသူများအနက် နားကျိုင်းကျေးရွာမှ ၇၅ ဦးသည် ဒီဇင်ဘာလ ၁၂ ရက်တွင် နေရပ်သို့ ပြန်ပြီ ဖြစ်သော်လည်း ထပ်မံ ရောက်ရှိခိုလှုံနေသူများလည်း ရှိနေကြောင်း သိရသည်။

.

“ နားကျိုင်း တစ်ရွာလုံး ပြန်ကြပါပြီ။ ဒါပေမယ့် ပိန်းလုံက အိမ်ထောင်စု ၁၇ စု ထပ်တိုးလာတယ်၊ နယ်မြေကတော့ တိုက်ပွဲ မဖြစ်တော့ပေမယ့် တပ်ဖွဲ့တွေ တွေ့နေတုန်းလို့ ဆိုတယ်၊ မပြန်သေးတဲ့ ရွာတွေ များတယ်။ ၂၀၀ နီးပါးလောက် ရှိနေဆဲ ဖြစ်ပါတယ်။” ဟု တိုက်ပွဲရှောင်များသို့ သွားရောက်ကူညီနေသည့် JMCS မှ တိုက်ပွဲရှောင်ကူညီရေး အဖွဲ့ဝင် ဒေါ်ခမ်းမီးက ပြောသည်။

.

မန်စံကျေးရွာရှိ ရွှေစကားဝါ ဘုန်းကြီးကျောင်းသို့ ဒီဇင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းအထိ နားကျဲရွာမှ ၁၇ ဦး၊ ပိန်းလုံကျေးရွာမှ ၉၇ ဦး၊ ကွန်ကျောင်းကျေးရွာမှ ၅၁ ဦး ၊ နမ့်ပိုင်ကျေးရွာမှ ၄၂ ဦး၊ ပိန်ထွမ်ကျေးရွာမှ ၇ ဦးနှင့် လူဦးရေ (စိစစ်ဆဲ)တို့ ထပ်မံ ရောက်ရှိ လာပြီး နားကျိုင်းကျေးရွာမှ ၇၅ ဦးမှာ နေရပ်သို့ ပြန်ပြီ ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တိုက်ပွဲရှောင် ပြည်သူများသို့ တအဲင်းလူငယ်များက ငွေကျပ် ၅၄၀၀၀၀ နှင့် စောင် ၈၂ ထည်၊ ဆန် ၁၀ အိတ်ကို ပေးပို့ လှူဒါန်းထားပြီး အခြား အလှူရှင်များကလည်း ပေးပို့လှူဒါန်းနေလျက် ရှိသည့်အပြင် မန်စံတိုက်နယ်မှ ကျန်းမာရေးဝန်ထမ်းများကလည်း တိုက်ပွဲရှောင်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နှင့် ၁၀ ရက်များတွင် RCSS နှင့် TNLA၊ SSPP ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများမှာ တိုက်ပွဲရှောင်အဖြစ် နေရပ်စွန့်ခွာခဲ့ရခြင်း ဖြစ်ပြီး နမ့်ပိုင်ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံ ၄ ဦး ကျည်စထိမှန် ဒဏ်ရာများ ရရှိ၍ နမ္မတူဆေးရုံတွင် ဆေးကုသမှု ခံယူနေရလျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats