ကမ္ဘောဇတိုင်း
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
အနေဖြင့် ရွေးကောက်ပွဲကန့်ကွက်လွှာ ၁၇ မှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်
(UEC) သို့ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်က တင်သွင်းခဲ့ရာ ယင်းကန့်ကွက်လွှာများတွင်
ရှမ်းပြည်နယ်မှ ၉ ခု ပါဝင်ကြောင်း သိရသည်။
.
.
အဆိုပါ မဲဆန္ဒနယ်များမှာ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်
(၃)၊ ပြည်သူ့လွှတ်တော် မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်၊ ရှမ်းပြည်နယ်လွှတ်တော် ပင်းတယမြို့နယ်
မဲဆန္ဒနယ်အမှတ် (၁)၊ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ (၂)၊ မိုင်းပျဉ်းမြို့နယ်
မဲဆန္ဒနယ်အမှတ် (၁)၊ (၂)၊ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)နှင့် လားဟူတိုင်းရင်းသား
လူမျိုးရေးရာမဲဆန္ဒနယ်တို့ဖြစ်သည်ဟု သိရသည်။
.
ယင်းမဲဆန္ဒနယ် ၉ ခုအနက် ၈ ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိထားသည့် မဲဆန္ဒနယ် များဖြစ်ပြီး လားဟူတိုင်းရင်းသားလူမျိုးရေးရာ
မဲဆန္ဒနယ်မှာ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အနိုင် ရရှိထားသည့် မဲဆန္ဒနယ်ဖြစ်ကြောင်း
သိရသည်။
.
မဲဆန္ဒနယ် တစ်ခုချင်းစီအလိုက် ဆန္ဒမဲရရှိမှု ကွာခြားချက်
အနေဖြင့် လားဟူတိုင်းရင်းသားလူမျိုးရေးရာကိုယ်စားလှယ် နေရာက ဆန္ဒမဲ ကွာခြားချက် ၁၁၀၃၇
ဖြင့် အများဆုံး ပါရှိပြီး မိုင်းဖြတ်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှာ မဲကွာခြားချက်
၂၆၈ ဖြင့် အကျဉ်းမြောင်းဆုံး ဖြစ်သည်ကို တွေ့ရသည်။
.
အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်
(၃) တွင်မူ အနိုင်ရပါတီ ပြည်ခိုင်ဖြိုးနှင့် NLD ကိုယ်စားလှယ်
လောင်းတို့ မဲကွာခြားချက် ၄၇၄ မဲသာ ရှိရာ ရာခိုင်နှုန်းအားဖြင့် ကွာခြားချက် ၀ ဒသမ
၃၂ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရသည်။
.
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
ကျင်းပခဲ့သည့် ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် စုစုပေါင်း ၁၆၆ နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက
၅၁ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄၂ နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက
၄၁ နေရာနှင့် ကျန်မဲဆန္ဒနယ်များကို တိုင်းရင်းသားပါတီ များက အနိုင်ရရှိထားသည်။
.