မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးနယ်မြေရဲစခန်းတွင်
လျှံထူးအောင်ကုမ္ပဏီမှ ဆောက်လုပ်ခဲ့သည့် အဆောက်အဦများသည် သတ်မှတ်အရည်အသွေး ပြည့်မီခြင်းမရှိ
ဟုဆိုကာ ကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်း၍ ပြန်လည်စစ်ဆေးပေးရန် ယင်းအဆောက်အဦ ဆောက်လုပ်စဉ်က
အလုပ်သမားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူ ဦးဝင်းဗိုလ်က ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးထံသို့
တိုင်ကြားစာ ပေးပို့ခဲ့သည်ဟု သိရသည်။
.
.တိုင်ကြားစာ ပေးပို့ခဲ့သူ ဦးဝင်းဗိုလ်သည် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၏
ရှမ်းပြည်နယ်အတွင်းရေးမှူး ဖြစ်ပြီး အဆိုပါ အဆောက်အဦများ ဆောက်လုပ်စဉ်က ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ၏
လက်အောက်တွင် အလုပ် သမားခေါင်းဆောင် အနေဖြင့် တာဝန်ယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
“ကျွန်တော်ကိုယ်တိုင်လည်း လျှံထူးအောင်ကုမ္ပဏီမှာ
အလုပ်သမားခေါင်းအနေနဲ့ လုပ်ခဲ့တာပါ။ အဲဒီ သဲ တွေ ညံ့လို့ ပြောတာကို သူတာဝန်ယူမယ်ဆိုပြီး
ဆက်လုပ်ခိုင်းတယ်။ ကွန်ကရစ်လောင်းတယ်ဆိုတာ သဲမှန်မှ ရမှာပါ။ အဲဒါကို လုပ်ပြီးတော့မှ
ကုမ္ပဏီကို မတင်ပြဘဲ သူ့သဘောနဲ့သူ အင်ဂျင်နီယာ ဦးကျော်ထွန်းနိုင်က ရှော့ကော်လံတိုင်
၇၅ လုံးပဲ ပြန်ဖျက်ပြီး အောက်ခြေကို ဒီအတိုင်း ဆောက်ခဲ့တာဖြစ်လို့ အရည်အသွေး မပြည့်မီမှာစိုးလို့
ကျွန်တော် အခြားအဆင့် ၂ ထပ်ဆောင်ပဲ ဆောက်ပြီး ပြန်အပ်ခဲ့တယ်” ဟု ဦးဝင်းဗိုလ်က ပြောသည်။
.
ယခုအခါ ယင်းအဆောက်အဦများ၏ အရည်အသွေး မပြည့်မီမှုကြောင့်
ပြည်သူ့ဘဏ္ဍာငွေများ ထိခိုက်စေခြင်း၊ နေထိုင် သူများအတွက် ငလျင်ကဲ့သို့ ဘေးအန္တရာယ်များအပြင်
သက်တမ်းမပြည့်မီ မလိုလားအပ်သည့် ထိခိုက်မှုများ မဖြစ်ပေါ် စေရန် ရည်ရွယ်၍ တိုင်ကြားခြင်းဖြစ်ပြီး
အဂတိလိုက်စားမှုကော်မရှင်သို့လည်း မိတ္တူပေးပို့ထားကာ လိုအပ် ပါက တိုက်ရိုက်ထပ်မံတင်ပြတိုင်ကြားသွားရန်
ရှိနေကြာင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ လျှံထူးအောင်ကုမ္ပဏီမှ
ယင်းအဆောက်အဦများအား ဆောက်လုပ်ခဲ့သည့် တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ထွန်းနိုင် ထံသို့
ဆက်သွယ် မေးမြန်းရာတွင် “သူက အလုပ်သမားခေါင်း ဆိုတော့ အင်ဂျင်နီယာအမြင်နဲ့ မတူနိုင်ပါဘူး။
သဲကလည်း အရည်အသွေး ပြည့်လို့ သုံးခဲ့တာပါ။ မကောင်းတာတွေလည်း လဲလှယ်ပြီး အသစ်ဆောက်ပေးခဲ့ပြီးပါပြီ။
အဆောက်အဦစစ်တဲ့ အဖွဲ့ ကလည်း လက်ခံပြီးပါပြီ။ ကုမ္ပဏီက သူ့ဆီကနေ ငွေရစရာရှိနေတယ်။ အဲဒါ
အလုပ်နဲ့ ပြန်ဆပ်ပေးဖို့ ပြောတာကို သူက အလုပ် လာမလုပ်တော့ ကုမ္ပဏီနဲ့ အဆင်မပြေလို့
ဒီလိုလုပ်တာ ထင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ကုမ္ပဏီအနေဖြင့် တာဝန်ယူတည်ဆောက်ခဲ့သည့် အဆောက်အဦများကို
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလခန့်က အပြီး အပ်နှံခဲ့ပြီး ဖြစ်ကြောင်းနှင့် လက်ရှိတွင်
လူနေထိုင်နေကြကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
လျှံထူးအောင်ကုမ္ပဏီအနေဖြင့် နားကောင်းမူးနယ်မြေရဲစခန်းတွင်
အခြားအဆင့် ၂ ထပ်အိမ်ရာ အဆောက်အဦ တစ်လုံး၊ အရာရှိနေအိမ် ၂ ထပ်အဆောက်အဦ တစ်လုံး၊ အချုပ်နှင့်ရုံး
တွဲလျက် တစ်လုံးတို့ကို ၂၀၁၈ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.