မင်းဇော်မင်း
.
မိုင်းတုံမြို့နယ်တွင်
ကြားဖြတ်တိရစ္ဆာန်စာရင်းကောက်ယူမှုကို ဒီဇင်ဘာ ၁၆ ရက်မှ ၂၄ ရက်အထိ
ပြုလုပ်လျက်ရှိကြောင်းသိရသည်။
.
.တစ်နိုင်ငံလုံးမြို့နယ်များ၏ ၁၀
ရာခိုင်နှုန်းအတိုင်းအတာဖြင့် မြို့နယ် ၃ဝ တွင် ကြားဖြတ်တိရစ္ဆာန်စာရင်းကောက်ယူ
လျက်ရှိရာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ၂၀၁၈ ခုနှစ်မှစတင်ကာ
ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု မိုင်းတုံမြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မှ
ဒေါက်တာ စိုင်းအေးလှိုင်ထံက သိရသည်။
.
“ဒီစာရင်းတွေ အပေါ် အခြေခံပြီး
တိရစ္ဆာန်တွေအတွက် ကာကွယ်ကုသဆေးဘယ်လောက်လိုမယ်၊ အစား အစာလိုအပ်တာတွေ၊ ကျွဲနွားဆို
ပြည်ပပို့တာတွေ၊ ခွေးဆို ခွေးရူးပြန်ဆေး စတာတွေ တွက်ချက်ဖို့ ၅ နှစ်စာ အချက်အလက်တွေကို
နှစ်စဉ်သတ်မှတ်မြို့နယ်တွေကနေ ကောက်ယူရတာ ဖြစ်ပါတယ်” ဟု ဒေါက်တာ စိုင်းအေးလှိုင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရခြင်း၏
ရည်မှန်းချက်ဖြစ်သော မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေး အရအရေးကြီးသည့်
တိရစ္ဆာန်များ၏ ကောင်ရေစာရင်းကို အတိအကျရရှိစေရန်၊ ကောက်ယူရရှိသည့် ကောင်ရေ စာရင်းကိုအခြေခံပြီး
မွေးမြူဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများရေးဆွဲပြီး
အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့်နိုင်ငံတော်၏ စီးပွားရေးကို
အထောက်အကူပြုစေရန်၊ မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ပစ္စည်း ထုတ်လုပ်မှု
စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန် ရည်ရွယ်ချက်များဖြင့်
ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရခြင်းဖြစ်ကြောင်း သိရသည်။
.
မိုင်းတုံမြို့နယ်အတွင်း သတ်မှတ်ရာခိုင်နှုန်း
အချိုးအစားအရ ရပ်ကွက် ၂ ခု၊ ကျေးရွာပေါင်း ၃၀ ရှိ အိမ်ထောင်စုများ၏ ကြက်၊ ဝက်၊ ဘဲ၊
ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်နှင့် ခွေး စသည့် တစ်ပိုင်တစ်နိုင် မွေးမြူမှုနှင့်
စီးပွားဖြစ်မွေးမြူရေး ခြံများတွင် ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
.